ကုန်ဈေးနှုန်းများကြီးမြင့်ခြင်းသည် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်

ကုန်ဈေးနှုန်းများကြီးမြင့်ခြင်းသည် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်
————————————-

နိုင်ငံဖွံ့ဖြိုးရေးမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ အရေးကြီးပြီး မိမိတို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုမှာ ကုန်ဈေး နှုန်းတွေကြီးမြင့်တာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်ကပြောပါတယ်။
ဇူလိုင်(၇)ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံတော်သမ္မတကြီးကအခုလိုပြောကြားလိုက်တာ ပါ။
ကုန်ဈေးနှုန်းကြီးမြင့်ရတာကလည်း ရောင်းလိုအားနဲ့ ဝယ်လိုအားတွေ မမျှတတာနဲ့ ကုန်ထုတ်လုပ်မှုစရိတ်တွေ မြင့်မားတာတွေကြောင့်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုစရိတ်ကြီးမြင့်ရတာကလည်း ငွေကြေးတန်ဖိုးပြောင်းလဲမှုတွေ ကြောင့်ဖြစ်တဲ့ အကျိုးဆက်တွေကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားစေရေးအတွက်ဆောင်ရွက်ကြဖို့ မဖြစ်မနေလိုအပ်ပြီး ထုတ်ကုန် ပစ္စည်းတွေတိုးတက်များပြားလာမှသာ ပို့ကုန်ပစ္စည်းတွေရရှိပြီး အဲဒီကတစ်ဆင့်ရရှိတဲ့ နိုင်ငံခြားငွေတွေနဲ့ သွင်းကုန်တွေကို တင်သွင်းနိုင်မှာဖြစ်တယ်လို့လည်းပြောပါတယ်။
နိုင်ငံရဲ့ဝင်ငွေနဲ့ ထွက်ငွေတွေမျှတနေမှသာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို အထိုက်အလျောက် လျှော့ချနိုင်မှာဖြစ်တဲ့ အတွက် ကုန်ထုတ်လုပ်မှုတွေမြင့်မားလာစေရေး ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ အနေနဲ့ အလေးထား ကြိုးပမ်းဆောင်ရွက်ကြဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပို့ကုန်အရေအတွက်များများထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ဖို့လိုတယ်လို့လည်းဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း စိုက်ပျိုးရေးပို့ကုန်တွေ ပြည်ပကိုတင်ပို့နိုင်မှု လျော့နည်းခဲ့သလို အဓိကသီးနှံဖြစ်တဲ့ ဆန်တင်ပို့ မှုနဲ့ အခြားစိုက်ပျိုးသီးနှံအချို့တင်ပို့နိုင်မှုလျော့နည်းခဲ့တယ်လို့ပြောပါတယ်။
အဲဒါကြောင့် စိုက်ပျိုးရေးပို့ကုန်တွေအရေအတွက်များများ ထုတ်လုပ်တင်ပို့နိုင်ရေးကို ပြည်တွင်းလုပ်ငန်းရှင်တွေ အနေနဲ့ စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းတွေမှာ ပိုမိုပါဝင်ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြဖို့နဲ့ နိုင်ငံရဲ့အဓိကသီးနှံဖြစ်တဲ့ ဆန်တင်ပို့မှုကို ပိုမိုထုတ်လုပ်တင်ပို့နိုင်ဖို့လိုတယ်လို့လည်း နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ပြောကြား ခဲ့ပါတယ်။