မြန်မာနိုင်ငံတစ်ဝန်းလုံး တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးရေးနှင့် နို့စားနွား မွေးမြူရေး စီမံချက်တွင် ကျောင်းဆရာ၊ ဆရာမများ ပါဝင်ရမည်ဟု မင်းအောင်လှိုင်က နောက်ဆက်တွဲ အမိန့်ပေးလာ

မြန်မာနိုင်ငံတစ်ဝန်းလုံး တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးရေးနှင့် နို့စားနွား မွေးမြူရေး စီမံချက်တွင် ကျောင်းဆရာ၊ ဆရာမများ ပါဝင်ရမည်ဟု မင်းအောင်လှိုင်က နောက်ဆက်တွဲ အမိန့်ပေးလာ
ရန်ကုန်၊ ဇွန် ၂၇
မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာပေါများရေးနှင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများကို အာဟာရ ဖြည့်စွက်စာ ကျွေးမွေးနိုင်ရေးဟုဆိုကာ တစ်နိုင်ငံလုံးတွင် တရုတ်တစ်သျှူးငှက်ပျောစိုက်ပျိုးရေးနှင့် နို့စားနွားမွေးမြူရေး စီမံချက်ကို အကောင်အထည်ဖော်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားပြီး ယင်းစီမံချက်တွင် အခြေခံပညာကျောင်းများမှ ကျောင်းဆရာ၊ ဆရာမများပါ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော် သတင်းရင်းမြစ်များထံမှ သိရသည်။
သတင်းရင်းမြစ်များ၏ အဆိုအရ မင်းအောင်လှိုင်က နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းများ မဖြစ်မနေစိုက်ပျိုးရန်၊ နို့စားနွားမွေးမြူရေးဇုန်များ တည်ထောင်၍ နို့စားနွားများ မွေးမြူရန် ညွှန်ကြားထားခြင်းဖြစ်သည်။
ယင်းအပြင် အခြေခံပညာကျောင်းများရှိ မြေလွတ်မြေလပ်များတွင်လည်း တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်းနှင့် နို့စားနွားမွေးမြူခြင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ကျောင်းဆရာ၊ ဆရာမများလည်း အဆိုပါစီမံချက်တွင် ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။
“ကျောင်းသား၊ ကျောင်းသူတွေကို အာဟာရဖြည့်စွက်စာအဖြစ် နွားနို့နဲ့ ငှက်ပျောသီးကျွေးနိုင်ဖို့ဆိုပြီး နိုင်ငံတစ်ဝန်းက စာသင်ကျောင်းတွေမှာရှိတဲ့ မြေလွတ်မြေလပ်တွေမှာ နို့စားနွားမွေးဖို့၊ တစ်သျှူးငှက် ပျောစိုက်ဖို့ ညွှန်ကြားထားပါတယ်။ အဲဒီက ထွက်လာတဲ့ နွားနို့နဲ့ ငှက်ပျောသီးတွေကို ကျောင်းသားတွေကို ကျွေးရမယ်ဆိုပြီး ကျောင်းတွေကိုပါ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းထဲ ထည့်သွင်းလာတာပါ” ဟု ပညာရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မူလတန်းနှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူများကို နေ့စဉ် တစ်သျှူးငှက်ပျောသီးတစ်လုံးနှင့် နွားနို့တစ်ခွက်စီ တိုက်ကျွေးနိုင်ရေးအတွက် လိုအပ်သော တစ်သျှူးငှက်ပျောစိုက်ခင်းများနှင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော်ပေးရန်လည်း မင်းအောင်လှိုင်က ညွှန်ကြားလာခြင်းဖြစ်သည်။
ယင်းစီမံချက်များအတွက် မြေယာလိုအပ်ပါက သက်ဆိုင်ရာဌာနများသို့ တင်ပြတောင်းခံရန်နှင့် ပုဂ္ဂလိကပိုင် မြေယာများဖြစ်ပါက သိမ်းယူဆောင်ရွက်ရန်လည်း ညွှန်ကြားချက်တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ယခင်က မြန်မာနိုင်ငံမြောက်ပိုင်း၊ အထူးသဖြင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တရုတ်ရင်းနှီးမြှုပ်နှံသူများက ဧကထောင်ပေါင်းများစွာရှိသည့် မြေယာများကို နှစ်ရှည်ငှားရမ်း၍ တရုတ်တစ်သျှူးငှက်ပျောများကို စီးပွားဖြစ် စိုက်ပျိုးခဲ့ကြသည်။ မြစ်ကြီးနား၊ ဝိုင်းမော်၊ ရွှေကူ၊ မိုးမောက်၊ ဗန်းမော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသအများအပြားတွင် အဓိကစိုက်ပျိုးခဲ့ပြီး အသီးများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့သည်။
သို့သော် တစ်သျှူးငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းများသည် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အလွန် အကျွံအသုံးပြုမှုကြောင့် မြေဆီလွှာပျက်စီးခြင်း၊ ရေထုညစ်ညမ်းခြင်း၊ ဒေသခံတောင်သူများ၏ မြေယာများကို နှစ်ရှည်ငှားရမ်းခြင်း သို့မဟုတ် သိမ်းယူခြင်းတို့ကြောင့် မြေယာအငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။
စိုက်ပျိုးရေးကျွမ်းကျင်သူများကလည်း တစ်နေရာတည်းတွင် နှစ်ရှည်ဆက်တိုက် တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်းသည် မြေဆီလွှာယိုယွင်းပျက်စီးစေနိုင်သည့်အပြင် ငှက်ပျောပင်ညှိုးရောဂါများ ကျရောက် နိုင်ပြီး ယင်းရောဂါများသည် အခြားစိုက်ပျိုးသီးနှံများသို့ ကူးစက်နိုင်သည့် အန္တရာယ်ရှိကြောင်း သိရှိရသည်။