ရခိုင်နှင့် ဧရာဝတီတိုင်း အစပ်တွင် ဖြစ်ပွားသော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇွန် ၂၇






ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း အစပ်တွင် ဖြစ်ပွားသော တိုက်ပွဲများ၌ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်လိုက်သည်။
အကြမ်းဖက် စစ်တပ်သည် ဂွမြို့နယ် အတွင်း ဝင်ရောက်ရန် လေကြောင်းမှ နေ့စဉ် ဗုံးကျဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတို့မှလည်း နည်းအမျိုးမျိုးဖြင့် ထိုးဖောက်ရန် ကြိုးစားလျက်ရှိသောကြောင့် ရက္ခိုင်-ဧရာဝတီ အစပ် နေရာများ၌ တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ ၃၄၄ အမြောက်တပ်နှင့် ပုသိမ်အခြေစိုက် တပ်ရင်းများမှ ထုတ်နုတ်အင်အား ၄၀၀ ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ကြိမ်ဖန်များစွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အာရက္ခတပ်တော်သည် စစ်တပ်၏ ထိုးစစ်တိုင်းကို အကောင်းဆုံး ခုခံစစ်များနှင့်အတူ တန်ပြန်တိုက်စစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ပွိုင့် ၂၈၈ ကုန်း၊ ပွိုင့် ၁၈၈ ကုန်းနှင့် ပွိုင့် ၁၄၈ ကုန်းတို့ကို ဆက်တိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၁၇ ရက်နေ့တွင် ပွိုင့် ၂၈၈ ကုန်းအားလည်းကောင်း၊ ဇွန်လ ၁၉ ရက်နေ့တွင် ပွိုင့် ၁၈၈ ကုန်းကိုလည်းကောင်း၊ ဇွန်လ ၂၁ ရက်နေ့တွင် ပွိုင့် ၁၄၈ ကုန်းတို့ကိုလည်းကောင်း အသီးသီး သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အဆိုပါ သိမ်းပိုက်ရရှိသော ပွိုင့်သိမ်းတိုက်ပွဲအတွင်း စစ်သား အလောင်းတချိုနှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းအများပြား သိမ်းဆည်းရမိခဲ့သည်။
တစ်ပြိုင်နက်တည်းတွင် စစ်တွေနှင့် ကျောက်ဖြူမြို့ ပတ်ဝန်းကျင်၊ ရက္ခိုင်-မကွေးအစပ် ၊ ရက္ခိုင်-ပဲခူး အစပ်၊ ရက္ခိုင်နှင့် ထိစပ်နေသော ချင်းပြည်၏ မင်းတပ်နှင့် ကန်ပက်လက်မြို့ အစပ်နေရာများ နှင့် အာရက္ခတပ်တော် လှုပ်ရှားရာနေရာအနှံ၌လည်း အကြမ်းဖက် စစ်တပ်က လူလှိုင်းအသုံးပြု ထိုးစစ်များကြောင့် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း အာရက္ခတပ်တော်က ပြောဆိုထားသည်။
ဓာတ်ပုံ- ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနှင့် ပွိုင့် (၁၄၈) ကုန်းတိုကို တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ