စစ်တပ်၏ ကွပ်ကဲမှုအောက်၌ မနေချင်သည့် တိုင်းရင်းသားတပ်များ ရှိနေကြောင်း ဦးမင်းအောင်လှိုင် ပြော
DMG ၊ ဇွန် ၂၇
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စစ်တပ်၏ လက်အောက်၌ နိုင်ငံတော်ကာကွယ်ရေး အင်အားစုအဖြစ် ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းရာတွင် လက်ခံသည့် အဖွဲ့များရှိသလို လက်မခံသည့် အဖွဲ့များလည်း ရှိနေကြောင်း ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
ဇွန် ၂၆ ရက် နေပြည်တော်၌ ကျင်းပသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
ယင်းအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ကြိုတင်သတ်မှတ်ချက် မထားဘဲ ငြိမ်းချမ်းရေး ဆွေးနွေးရန် ထပ်မံဖိတ်ခေါ်ကြောင်း ပြောဆိုသည်။
“ တကယ် ငြိမ်းချမ်းရေး လိုချင်ရင် ဒီနေ့ပဲ လာဆွေးနွေးနိုင်တယ်။ ငြိမ်းချမ်းရေး မလိုချင်ရင်တော့ အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲနေမှာဘဲ။ ကျနော်ကတော့ ဘယ်လောက်ကုန်ကျပါစေ ငြိမ်းချမ်းရေးရဖို့ ကြိုးစားမယ်။ တိုင်းပြည် ကောင်းစေချင်တယ် ” ဟု ဦးမင်းအောင်လှိုင်က ပြောသည်။
ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက်၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မအောင်မြင်ခဲ့ဘဲ တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုလည်း နောက်ကျခဲ့ရကြောင်း ဦးမင်းအောင်လှိုင်က အပြစ်စကား ပြောဆိုသည်။
နယ်စပ်ဒေသအများစုသည် သွားလာရန်ခက်ခဲခြင်း၊ ဆက်သွယ်ရေးခက်ခဲခြင်း၊ လူဦးရေနည်းပါးသည့်နယ်မြေ၊ ဘာသာစကား ကွဲပြားသည့် နေရာများဖြင့် နိုင်ငံ့ဝန်ထမ်းများ အရောက်အပေါက်နည်းပါးကာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်မှု အားနည်းခဲ့ပြီး အဆိုပါ အခက်အခဲများကို လက်နက်ကိုင်ပဋိပက္ခများကြောင့် အဆင်ပြေအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း ဆိုသည်။
ထိုသို့ နယ်မြေဒေသအလိုက် ဖွံ့ဖြိုးမှုကွာဟချက်များကို လျှော့ချရေးမှာ အစိုးရ၏ အဓိကတာဝန် ဖြစ်ကြောင်းနှင့်၊ ယင်းသို့ ဆောင်ရွက်နိုင်ရန် တည်ငြိမ်အေးချမ်းရေးမှာ အလွန်အရေးကြီးကြောင်း ပြောသည်။
ထို့အတူ စစ်တပ်သည် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း အခြားတစ်ဖက်တွင် တိုင်းရင်းသားဒေသများကို နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားနေ့စဉ် သေဆုံးဒဏ်ရာရမှုများ ရှိနေသည်။
ယင်းအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်များကိုသာ ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး NUG နှင့် PDF အင်အားစုများကို ဆွေးနွေးရန် မဖိတ်ဘဲ အလင်းဝင်ကြရန်သာ ပြောဆိုနေသည်။
ဓာတ်ပုံ – MOI