ရန်ကုန်တွင် သက်တော် ၂၀ အရွယ် သံဃာတော်တစ်ပါးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး စစ်မှုထမ်းသင်တန်းကျောင်းပို့ဆောင်၊ အလုပ်သွားသည့် ကိုငြိမ်းချမ်းဦးလည်း အဆက်အသွယ်မရတော့ဘဲ ပျောက် ဆုံးနေ
ရန်ကုန်၊ ဇွန် ၂၇
ရန်ကုန်မြို့တွင် ဘုန်းကြီးဝတ်နေသည့် သက်တော် ၂၀ အရွယ် သံဃာတစ်ပါးကို စစ်မှု ထမ်းရန် စစ် တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ပြီး စစ်မှုထမ်းသင်တန်းကျောင်းပို့ဆောင်လိုက်ကြောင်း အဆိုပါ သံဃာတော်၏ မယ်တော်ဖြစ်သူက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။
စစ်မှုထမ်းရန် ပေါ်တာဆွဲခံရသူများ၏ အမှုများကို လိုက်လံကူညီဆောင်ရွက်ပေးနေသည့် “ငြိမ်းချမ်းရေးဆရာတော်” ထံသို့ အမျိုးသမီးတစ်ဦးက လာရောက်လျှောက်ထားခဲ့ရာတွင် သူ၏ အသက် ၂၀ နှစ်အရွယ် သားဖြစ်သူ ကိုဟိန်းမင်းဇော်သည် ဘုန်းကြီးဝတ်နေစဉ် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်း သင်တန်းကျောင်း ပို့ဆောင်ခံရကြောင်း ထုတ်ဖော်ပြောဆိုသည်။
ရန်ကုန်တွင် ဘုန်းကြီးဝတ်နေသည့် ကိုဟိန်းမင်းဇော်သည် မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်လာခြင်းဖြစ်ပြီး ရန်ကုန်တွင် သင်္ကန်းဝတ်ဖြင့်ပင် ပေါ်တာဆွဲ ဖမ်းဆီးခံရကာ စစ်မှုထမ်းအဖြစ် ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
ကိုဟိန်းမင်းဇော်သည် မကွေးတိုင်း၊ မြိုင်မြို့နယ်မှ ရန်ကုန်မြို့သို့ စစ်ဘေးရှောင်လာပြီးနောက် သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ရန်ကုန်မြို့တွင် ဘုန်းကြီးဝတ်နေစဉ်ပင် စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း၊ ဘုန်းကြီးဝတ်နေသော ကိုဟိန်းမင်းဇော်ကို သင်္ကန်းချွတ်ပြီးနောက် စစ်တပ်က လက်ရှိတွင် စစ်မှုထမ်း အပတ်စဉ် ၂၂ သင်တန်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ စစ်သင်တန်းတက်ရောက်ခဲ့ရပြီးနောက် လက်ရှိအချိန်အထိ စစ်တပ်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။
တစ်ဖက်တွင်လည်း ဇွန်လ ၂၅ ရက် နံနက် ၉ နာရီခန့်အချိန်မှစတင်၍ ရန်ကုန်မြို့မှ နေထိုင်သော ကိုငြိမ်းချမ်းဦးသည် အလုပ်သို့ ထွက်ခွာသွားပြီးနောက် မိသားစုနှင့် အဆက်အသွယ် လုံးဝပြတ်တောက်သွားခဲ့ကာ ယနေ့အချိန်အထိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးကြောင်း မိသားစုက လူပျောက်ကြော်ငြာများကို လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ထားသည်။
မိသားစု၏ လူမှုကွန်ရက်တွင် ကြေညာချက်အရ ကိုငြိမ်းချမ်းဦး၏ ဖုန်းမှာ ဆက်သွယ်၍ မရတော့ဘဲ ဖြစ်နိုင်သည့် နေရာများ၊ ဆေးရုံများနှင့် ဆေးခန်းများကို လိုက်လံစုံစမ်းခဲ့သော်လည်း ယခုအချိန်အထိ သတင်းအစအန မရရှိသေးကြောင်း သိရသည်။
ကိုငြိမ်းချမ်းဦးသည် ပျောက်ဆုံးချိန်တွင် အနီရောင်အစင်းပါ အင်္ကျီဝတ်ဆင်ထားပြီး လက်တွင် တက်တူးရှိကာ မျက်မှန်တပ်ဆင်ထားသူဖြစ်ကြောင်း၊ ထို့ပြင် အလွန်စိုးရိမ်တတ်သူဖြစ်သဖြင့် မိသားစုဝင်များ အထူးစိတ်ပူနေကြောင်း သိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက ကိုငြိမ်းချမ်းဦး၏ မိသားစုထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း မိသားစုက တစ်စုံတစ်ရာ မှတ်ချက်မပြုလိုဘဲ နောက်မှ ပြန်လည် ဆက်သွယ်ရန် ပြောဆို ဖုန်းချသွားခဲ့သည်။
မိသားစုက ကိုငြိမ်းချမ်းဦးကို တွေ့ရှိထားသူများ သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းထားသူများရှိပါက ၎င်း၏ မိခင်ကို စာနာထောက်ထားသည့်အနေဖြင့် အမြန်ဆုံး အကြောင်းကြားပေးရန် မိသားစုက မေတ္တာရပ်ခံထားသည်