NLD အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မအောင်မြင်ခဲ့ဘဲ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရဟု အကြမ်းဖက် မင်းအောင်လှိုင် အပြစ်တင်ပြန်
ရန်ကုန်၊ ဇွန် ၂၇
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင် မြင် မှုမရခဲ့သလို တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးမရှိတာကြောင့် ဖွံ့ဖြိုးတိုးတက်မှုတွေလည်း နောက်ကျခဲ့ရတယ်လို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
ဇွန်လ ၂၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ သူက အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မင်းအောင်လှိုင်က ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ တာဝန်ယူခဲ့တဲ့ NLD အစိုးရလက်ထက်မှာ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဆောင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ကြောင်း၊ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးမရှိသေးတဲ့အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ နောက်ကျခဲ့ရကြောင်း ပြောပါတယ်။ ဒါ့အပြင် နယ်စပ်ဒေသနဲ့ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာမှာ သမိုင်းကြောင်းတွေကို နားလည်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်တပ်ရဲ့ ကွပ်ကဲမှုအောက်မှာ နိုင်ငံတော်ကာကွယ်ရေးအင် အားအဖြစ် ဖွဲ့စည်းနိုင်ဖို့ ကြိုးပမ်းခဲ့ရာမှာ လက်ခံတဲ့အဖွဲ့တွေလည်း ရှိသလို လက်မခံတဲ့အဖွဲ့တွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။
၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး၊ ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတချို့ရဲ့ ကြိုးကိုင်မှုတွေရှိတာကြောင့် အခက် အခဲတွေကြားကနေ ဆွေးနွေးခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တချို့နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက် မှတ်ရေးထိုးနိုင်ခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
မင်းအောင်လှိုင်က နယ်မြေဒေသအလိုက် ဖွံ့ဖြိုးမှုကွာဟချက်တွေကို လျှော့ချဖို့ဟာ အစိုးရရဲ့ အဓိကတာဝန်ဖြစ်တယ်လို့ဆိုပြီး၊ အဲဒီလိုဆောင်ရွက်နိုင်ဖို့ တည်ငြိမ်အေးချမ်းရေးဟာ အရေးအကြီးဆုံးလို အပ်ချက်ဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီအာဏာရပြီးနောက် တိုင်းပြည်ကို ငြိမ်းချမ်းအောင်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်လို့ ပြောခဲ့သလို၊ ၅ နှစ်အတွင်း ငြိမ်းချမ်းရေးရရှိအောင် အတတ်နိုင်ဆုံး ကြိုးစားမယ်လို့ ကတိပေးခဲ့ကြောင်း ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ရက် ၁၀၀ စီမံကိန်းထဲမှာ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ထည့်သွင်းထားပြီး၊ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ကြိုတင်ကန့်သတ်ချက်တစ်စုံတစ်ရာ မထားဘဲ ငြိမ်း ချမ်းရေးဆွေးနွေးဖို့ ထပ်မံဖိတ်ခေါ်ကြောင်း ပြောဆိုခဲ့ပါတယ်။
“တကယ် ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ပဲ လာဆွေးနွေးနိုင်တယ်။ ငြိမ်းချမ်းရေးမလိုချင်ရင်တော့ အကြောင်း အမျိုးမျိုးပြပြီး အချိန်ဆွဲနေမှာပဲ။ ကျွန်တော်ကတော့ ဘယ်လောက်ကုန်ကျပါစေ ငြိမ်း ချမ်းရေးရဖို့ ကြိုးစားမယ်။ တိုင်းပြည်ကောင်းစေချင်တယ်” လို့ မင်းအောင်လှိုင်က ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ရေးမှာ နောက်ကျကျန်ခဲ့ပြီး အဲဒီလိုဖြစ်နေရတာဟာ နိုင်ငံရေးပဋိပက္ခတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။
“ကျွန်တော်တို့က မြင်းဇောင်းထဲက ထွက်လာတဲ့မြင်းလို တစ်ခါတည်း ရှေ့ကို အရှိန်နဲ့သွားချင်တယ်။ ဒါပေမယ့် အခုတော့ မသွားနိုင်ဘူး။ အတားအဆီးတွေ ရှိနေတယ်။ အဲဒီအတားအဆီးတွေက နိုင်ငံ ရေးပဋိပက္ခနဲ့ လက်နက်ကိုင်ပဋိပက္ခတွေပဲ။ ဒါတွေကို ဖြေရှင်းဖို့လိုတယ်” လို့ သူ ဆက်လက်ပြောဆိုပါတယ်။
မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) အားလုံးကို ဘာကြိုတင်သတ်မှတ်ချက်မှ မထားဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ထပ်မံဖိတ်ခေါ်တယ်လို့လည်း ဆိုပါတယ်။