သမီးဖြစ်သူ ခင်သီရိသက်မွန်နှင့် နိုင်ဖြိုးကျော်တို့ ပူးပေါင်းတင်သွင်းနေသော တရုတ် Leapmotor EV ကားထုတ်စက်ရုံကို မင်းအောင်လှိုင်သွားရောက်လေ့လာပြီး မြန်မာပြည်တွင်းတွင် EV ကားများ အစမှ အဆုံး ထုတ်လုပ်ရန် မင်းအောင်လှိုင်က အမိန့်ထုတ်
ရန်ကုန်၊ ဇွန် ၂၄
အကြမ်းဖက် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်နှင့် နိုင်ဖြိုးကျော်တို့ ပူးပေါင်းတင်သွင်းနေသော တရုတ် Leapmotor EV ကားထုတ်စက်ရုံကို မင်းအောင်လှိုင်သွားရောက်လေ့လာပြီးနောက် မြန်မာပြည်တွင်းတွင် EV လျှပ်စစ် ကားများကို အစမှ အဆုံး ထုတ်လုပ်ရန် မင်းအောင်လှိုင်က တရား ဝင် အမိန့်ထုတ်လာသည်။
ယမန်နေ့ နေပြည်တော်တွင် မင်းအောင်လှိုင်အဖွဲ့၏ အုပ်ချုပ်ရေးအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။
အကြမ်းဖက် မင်းအောင်လှိုင်က လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်(EV) ကားများကို ပြည်တွင်း၌ပင် အစမှအဆုံး ထုတ်လုပ်ပြီး ရောင်းချနိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်သွားကြရန်လို ကြောင်း၊ လျှပ်စစ်စွမ်းအင်သုံး ကုန်တင် ယာဉ်များ၊ အများပြည်သူသုံး သယ်ယူ ပို့ဆောင်ရေးယာဉ်များကိုလည်း ပြည်တွင်း ၌ သုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန်လို ကြောင်း ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော အုပ်ချုပ်ရေးအစည်းအဝေးတွင် အမိန့်ပေးလာခြင်းဖြစ်သည်။
မင်းအောင်လှိုင်က ဇွန်လ ၁၉ ရက်နေ့ တရုတ်ခရီးစဉ်တွင် သမီးဖြစ်သူ ခင်သီရိသက်မွန်တင်သွင်းနေသော တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ရှိ Zhejiang Leapmotor Technology Co., Ltd ၏ Leapmotor EV ကားထုတ်လုပ်ရေးစက်ရုံသို့ သွား ရောက် လေ့လာခဲ့ပြီး ယင်းခရီးစဉ်တွင် တရုတ် Leapmotor EV ကားများမှာ စျေးသက်သာခြင်း၊ အရည်အသွေးကောင်းမွန်ခြင်းတို့ကြောင့် Leapmotor EV ကားများကို မြန်မာပြည်သူများ ပိုမို သုံးစွဲသင့်သည်ဟု မင်းအောင်လှိုင်က ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ မင်းအောင်လှိုင်က တရုတ်မှ ပြန်လာပြီးနောက် ဇွန်လ ၂၃ ရက်နေ့ နေပြည်တော်အစည်းအဝေးတွင် EV ကားများကို ပြည်တွင်းတွင်ပင် အစမှအဆုံး ထုတ်လုပ်ရောင်းချရန် ညွှန်ကြားလာခြင်းဖြစ်ပြီး သမီးဖြစ်သူ တင်သွင်းနေသော Leapmotor EV ကားများကို မြန်မာနိုင်ငံတွင် စက်ရုံဆောက်လုပ် ထုတ်လုပ်မည့် အခြေအနေရှိနေကြောင်း UMFCCI သတင်းရင်းမြစ်က ဆိုသည်။
မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်နှင့် နိုင်ဖြိုးကျော်တို့ ပူးပေါင်း တင်သွင်းနေသော Leapmotor EV ကားများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ရန်အတွက် နိုင်ဖြိုးကျော်၏ NPK ကုမ္ပဏီနှင့် တရုတ် Leapmotor တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။
ထို့ပြင် မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်နှင့် နိုင်ဖြိုးကျော်တို့ပူးပေါင်းလုပ်ကိုင်နေသော ကုမ္ပဏီက ရန်ကုန်၊ နေပြည်တော် အပါအဝင် မြို့ကြီးများတွင် EV ကား အားသွင်းနိုင်သော Charging Station လုပ်ပိုင်ခွင့်များကိုလည်း ရရှိထားသည်။