မြိုင်တွင် ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်က ဗိုလ်မှူး နှင့် ဗိုလ်ကြီးအပါအဝင် ငါးဦးသေဆုံး
23 June 2026 By MPA
မကွေးဖက်ဒရယ်ယူနစ်၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ နေရာတစ်ခုတွင် စစ်ကော်မရှင်၏ Mi-17 ထောက်ပို့ရဟတ်ယာဉ်တစ်စင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းအင်အားစုများက အပိုင်ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန်လ ၂၃ ရက်တွင် အဆိုပါ စစ်ကော်မရှင်၏ ထောက်ပို့ရဟတ်ယာဉ်ကို မဟာမိတ်တပ်ဖွဲ့များ စုပေါင်း၍ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ လေကြောင်းမှတစ်ဆင့် အကြမ်းဖက်နေသည့် စစ်ရဟတ်ယာဉ်မှာ မြေပြင်ပေါ်သို့ ပျက်ကျကာ မီးလောင်ကျွမ်းခဲ့ရသည်။
အဆိုပါ ရဟတ်ယာဉ် ပစ်ချခံရသည့် ဖြစ်စဉ်အတွင်း ရဟတ်ယာဉ်ပေါ်တွင် ပါရှိလာသော စက်မောင်းသမား ဗိုလ်မှူး၊ ဗိုလ်ကြီးအစရှိသည့် စစ်ကော်မရှင်အရာရှိကြီးများအပါအဝင် အားလုံးနီးပါး မီးလောင်သေဆုံးခဲ့ရပြီး၊ စစ်ကော်မရှင်တပ်သား တစ်ဦးတည်းသာ စိုးရိမ်ရသည့် ဒဏ်ရာပြင်းထန်စွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း မြေပြင်သတင်းများအရ သိရသည်။
“စစ်သား တစ်ဦးပဲဒဏ်ရာရတယ်။ ဗိုလ်မှူ၊ ဗိုလ်ကြီးကအစ သေဆုံးသူ ငါးဦးရှိတယ်။ သူတို့ ရဟတ်ယာဉ်ပေါ်မှာ တင်လာတဲ့ ဒရုန်း ဘက်ထရီပေါက်ကွဲမှုဖြစ်တယ်။ အဲ့ဒီချိန်မှာ ကျတော်တို့ဘက်က အသေခံဒရုန်းနဲ့ပါတိုက်ခိုက်လိုက်လို့ ရဟတ်ယာဉ် လုံး၀ပျက်ကျသွားတာ” ဟု မြေပြင်သတင်းရင်းမြစ်က MPA သို့ပြောသည်။
လက်ရှိတွင် ရဟတ်ယာဉ် ပစ်ချခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မြေပြင်အခြေအနေ အသေးစိတ်အချက်အလက်များကို တော်လှန်ရေးတပ်ဖွဲ့များဘက်က ဆက်လက်စုံစမ်းလျက်ရှိပြီး၊ မကြာမီအချိန်အတွင်း ထပ်မံထုတ်ပြန်သွားမည်ဟု Magway – PDF က အသိပေးထုတ်ပြန်ထားသည်။
စစ်ကော်မရှင်ဘက်က မကွေးတိုင်းအတွင်း လေကြောင်းအင်အားကို အလွန်အကျွံအသုံးပြုကာ အရပ်သားပြည်သူများကို ဒုက္ခပေးနေသည့်အချိန်တွင် ယခုကဲ့သို့ တန်ဖိုးကြီး Mi-17 ထောက်ပို့ရဟတ်ယာဉ်တစ်စင်းကို လေယာဉ်မှူးများနှင့်တကွ အပိုင်ရှင်းလင်းပစ်ချနိုင်ခဲ့ခြင်းမှာ တော်လှန်ရေးအတွက် ကြီးမားသည့် စစ်ရေးအောင်နိုင်မှုတစ်ခုဖြစ်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။
#ရဟတ်ယာဉ် #အသေခံဒရုန်း #MPA