Breaking News- မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ Mi 17 ထောက်ပို့ရဟတ်ယာဉ်ကို ပစ်ချ

Breaking News- မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ Mi 17 ထောက်ပို့ရဟတ်ယာဉ်ကို ပစ်ချ
ရန်ကုန်၊ ဇွန် ၂၃
မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်၏ Mi 17 ထောက်ပို့ရဟတ်ယာဉ်ကို ယနေ့ ပစ်ချလိုက်ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် Magway – PDF ၏ ထုတ်ပြန်ချက်နှင့် တော်လှန်ရေး သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။
ယနေ့တွင် Mi 17 တစီးကို တော်လှန်ရေး မဟာမိတ်အင်အားစုများ ပူးပေါင်း၍ မကွေးဖက်ဒရယ်ယူနစ် ၊ ပခုက္ကူခရိုင် ၊ မြိုင်နယ် တနေရာမှာ ပစ်ချနိုင်ခဲ့ကြောင်း၊ အသေးစိတ်ကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် Magway – PDF ကသတင်းထုတ်ပြန်သည်။
“အခုလောလောဆယ် မဖြေကြားနိုင်သေးပါဘူး။ ဆက်လက် ထုတ်ပြန်ပါ့မယ်” ဟု Magway People’s Defense Force – Magway PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မကွေးတိုင်းသို့ စစ်ကူလာပို့သည့် စစ်ရဟတ်ယာဉ်ပျက်ကျသွားကြောင်း အကြမ်းဖက်စစ်တပ်၏ ဆက်သွယ်ရေးကွန်ရက်များတွင် ပြောဆို အတည်ပြု အကြောင်းကြားသော သတင်းအချက်အလက်များ ရရှိထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုကလည်း အတည်ပြုသည်။
“ကျနော်တို့သိသလောက်တော့ ကိုယ့်ဘက်က ဆော်လိုက်တာ ရဟတ်ယာဉ်လည်း ပျက်ကျတယ်။ ပစ်ချလို့ ပျက်ကျတာတော့သေချာတယ်။ Mi-17 ရဟတ်ယာဉ်ပါ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။