ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က နိုင်ငံရေးဓားစာခံအဖြစ် အသုံးချနေဟု သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ် သတိပေး
ရန်ကုန်၊ ဇွန် ၂၄
မြန်မာနိုင်ငံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က နိုင်ငံရေးဓားစာခံအဖြစ် အသုံးချနေကြောင်း သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က သတိပေးပြောဆိုလိုက်သည်။
ယမန်နေ့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ (APHR)မှ လွှတ်တော်အမတ်များနှင့်တွေ့ဆုံစဉ် ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က အထက်ပါအတိုင်း သတိပေးပြောဆိုလိုက်ခြင်းဖြစ် သည်။ အဆိုပါ တွေ့ဆုံမှုသည် သြစတြေးလျ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ အီတလီ၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်အာဖရိက၊ ထိုင်းနှင့် တီမောလက်စ်တေ နိုင်ငံတို့မှ လွှတ်တော်အမတ်ဟောင်းနှင့် လက်ရှိအမတ် ၁၃၄ ဦး လက်မှတ်ရေးထိုးထားသည့် အိတ်ဖွင့်ပေးစာတစ်စောင် ထွက်ပေါ်လာပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ အငယ်ဆုံးသားဖြစ်သူ ကင်အဲရစ် (Kim Aris) နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က မိခင်ဖြစ်သူကို စစ်တပ်က နိုင်ငံတကာအသိုင်းအဝိုင်းထံမှ နိုင်ငံရေးအရ အလျှော့အတင်းများ တောင်းခံရန်၊ စစ်တပ်၏ တာဝန်ခံမှု၊ တာဝန်ယူမှုများကို လွှဲပြောင်းဖျောက်ဖျက်ရန်အတွက် ‘နိုင်ငံရေးဓားစာခံ (Bargaining chip)’ အဖြစ် အသုံးချခြင်း ခံနေရကြောင်း သတိပေးပြောကြားခဲ့သည်။
လက်ရှိတွင် အသက် ၈၁ နှစ် အရွယ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ စစ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် ရှိနေသည့်နေရာကို လွတ်လပ်သည့်အဖွဲ့အစည်းများက အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ လွန်ခဲ့သည့် ၃ နှစ်နီးပါးခန့်က မိခင်ဖြစ်သူထံမှ စာတစ်စောင် ရရှိခဲ့ဖူးသည်ကလွဲ၍ နောက်ပိုင်းတွင် တစ်စုံတစ်ရာ အဆက်အသွယ် လုံးဝမရရှိတော့ကြောင်း ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က ရှင်းပြသည်။
ယင်းတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေ နိုင်ငံတို့မှ လွှတ်တော်အမတ်များကလည်း မိမိတို့၏ လွှတ်တော်အသီးသီးမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဖိအားပေးမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အာဆီယံ ခေါင်းဆောင်များအနေဖြင့်လည်း ယခုကိစ္စကို အရေးတကြီး ဆွေးနွေးပေးရန် တောင်းဆိုသွားမည်ဟု ကတိပြုကြသည်။
APHR အဖွဲ့ကလည်း လက်ရှိအာဆီယံဥက္ကဋ္ဌ ဖြစ်သူ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos, Jr.) နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံ လွတ်လပ်စွာ တွေ့ဆုံခွင့်ရရှိရေးနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် စုပေါင်းတောင်းဆိုပေးကြရန် တိုက်တွန်းထားသည်။
မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် မျှော်လင့်နေသည့် ကင်အဲရစ်၏ မျှော်လင့်ချက်သည် ၎င်းတစ်ဦးတည်း၏ မျှော်လင့်ချက်မဟုတ်ဘဲ ဒီမိုကရေစီ၊ ခေါင်းဆောင်များနှင့် အနာဂတ်များကို လုယူသွားသည့် ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြသည့် သန်းပေါင်းများစွာသော မြန်မာပြည်သူများ၏ မျှော်လင့်ချက်လည်း ဖြစ်ကြောင်း သားဖြစ်သူက ထုတ်ဖော်ပြောဆိုသည်။