နယ်စပ်က မြန်မာစစ်ရှောင်တွေအတွက် မှတ်ပုံတင်ကတ်တွေ ထိုင်းက စတင်ထုတ်ပေး

နယ်စပ်က မြန်မာစစ်ရှောင်တွေအတွက် မှတ်ပုံတင်ကတ်တွေ ထိုင်းက စတင်ထုတ်ပေး
နယ်စပ်မှာ ရှိနေတဲ့ ထိုင်းစစ်ရှောင်တွေအတွက် တရားဝင် အသိအမှတ်ပြု မှတ်ပုံတင်တွေကို ထိုင်းနိုင်ငံက စတင် ထုတ်ပေးနေပြီ ဖြစ်ပါတယ်။
ထိုင်းအစိုးရက ထုတ်ပေးတဲ့ မှတ်ပုံတင် ကတ်တွေမှာတော့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအခြေချသူတွေ ဆိုတာကို တရားဝင် အသိအမှတ် ပြုပေးထားပါတယ်။ နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ကာလရှည်ကြာ နေထိုင်ခဲ့ပြီး သတ်မှတ် စည်းမျဉ်းတွေနဲ့ ကိုက်ညီသူတွေကို ထိုင်းအစိုးရက စိစစ်ပြီး အခုလို မှတ်ပုံတင် ထုတ်ပေးနေတာပါ။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထိုင်းအစိုးရရဲ့ အခုအစီအစဉ်ကို သမိုင်းဝင် ခြေလှမ်းတစ်ခုလို့ ချီးကျူးခဲ့ပါတယ်။
ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံသား စစ်ရှောင်တွေ အနေနဲ့ ထိုင်းလူ့အဖွဲ့အစည်းမှာ ပိုပြီး အဆင်ပြေပြေ ပါဝင်နိုင်စေရေး၊ အကာအကွယ်တွေ ရရှိရေး၊ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ရေးအတွက် ရည်ရွယ်ပြီး အခုလို မှတ်ပုံတင်တွေ ထုတ်ပေးတာလို့ ပြောပါတယ်။ ထိုင်း-မြန်မာ နယ်စပ် စစ်ရှောင်တွေဟာ ကမ္ဘာပေါ်မှာ ကာလ အရှည်ကြာဆုံး နေရပ်စွန့်ခွာ ရွှေ့ပြောင်းရတဲ့ လူ့အဖွဲ့အစည်းတွေထဲက တစ်ခုလို့ သတ်မှတ် ခံထားရပါတယ်။
ထိုင်းရောက် မြန်မာ ဒုက္ခသည်တွေ အတွက်တော့ အဲဒီ မှတ်ပုံတင်ကတ်တွေဟာ စာရွက်စာတမ်း သက်သက် မဟုတ်ကြောင်း၊ အကာအကွယ်ရရှိမှု၊ လုံခြုံမှုနဲ့ အခွင့်အရေးတွေအတွက် လမ်းကြောင်းတစ်ခုလည်းဖြစ်ကြောင်း UNHCRရဲ့ ဒုတိယ မဟာမင်းကြီး ရာအူးလ်မာဇူက ပြောပါတယ်။
ဒီမှတ်ပုံတင် ကတ်တွေဟာ မြန်မာ ဒုက္ခသည်တွေအတွက် ဂုဏ်သိက္ခာ၊ မျှော်လင့်ချက် အလားအလာတွေနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ အနာဂတ်တွေကို လမ်းဖွင့်ပေးနိုင်မယ်ုလိပလည်း သူက ဆိုပါတယ်။
ထိုင်းအစိုးရဟာ မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံ ပိုင်နက်ထဲမှာ တရားဝင် အလုပ်လုပ်ခွင့်ပြုမယ့် မူဝါဒ အပြောင်းအလဲမျိုးကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လမှာ စတင် ဦးတည်လာခဲ့ပါတယ်။ မူလက နယ်စပ်မှာရှိတဲ့ စစ်ရှောင်တွေဟာ ဒုက္ခသည် စခန်းတွေမှာသာ နေထိုင်ရပြီး ထိုင်းပိုင်နက်ထဲမှာ အလုပ်လုပ်ခွင့် မရှိပါဘူး။ မနှစ်က အောက်တိုဘာလကစလို့ ထိုင်းနယ်စပ်က မြန်မာ ဒုက္ခသည် ၅၅၀၀ လောက်ဟာ ထိုင်းက အလုပ်ခွင်တွေမှာ တရားဝင် အလုပ်လုပ်ခွင့် ရနေပြီလို့လည်း သိရပါတယ်။
မြန်မာ စစ်ရှောင်တွေအတွက် ထုတ်ပေးမယ့် မှတ်ပုံတင်တွေမှာတော့ ထိုင်းနိုင်ငံသားတွေနည်းတူ ဇီဝမှတ်တမ်းဆိုင်ရာ အချက်အလက်တွေကို ရယူထားသလို QR codeနဲ့ တိုက်ဆိုင် စစ်ဆေးနိုင်တဲ့ နည်းပညာလည်း ထည့်သွင်းထားပါတယ်။ ဒါဟာ အချက်အလက်တွေ ပုံမှားရိုက် ခံရတာ၊ လူမှောင်ခို ကူးခံရတာ၊ လိမ်ညာ အမြတ်ထုတ် ခံရတာမျိုး အခြေအနေတွေကို တားဆီးနိုင်ရေးအတွက် အထောက်အပံ့ ဖြစ်စေဖို့လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတ်ယ။
UNHCRက ထိုင်းအစိုးရနဲ့ အနီးကပ် ပူးပေါင်းပြီး မြန်မာ ဒုက္ခသည်တွေအတွက် ဖြစ်နိုင်သမျှ အကောင်းဆုံး ရလဒ်တွေကို ဆောင်ယူနိုင်အောင် ဆက်လက် ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက် ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာစစ်ရှောင် အရေအတွက်ဟာ ၈ သိန်း ဝန်းကျင်လောက် ရှိပါတယ်။ ထိုင်းအစိုးရဟာ အသက် ၅ နှစ်အထက် အရွယ်တွေကို စိစစ်ပြီး မှတ်ပုံတင်တွေ တစ်သုတ်ပြီးတစ်သုတ် ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် လက်ရှိ ထိုင်းနိုင်ငံက အလုပ်ခွင်တွေမှာ ပါဝင်လုပ်ကိုင်နေသူတွေကို အဓိက ဦးစားပေးပြီး မှတ်ပုံတင် ထုတ်ပေးဖို့ စီစဉ်ထားပါတယ်။
မြန်မာဖက်ခြမ်းမှာ ကြုံတွေ့ခဲ့ရတဲ့ လုံခြုံရေး ခြိမ်းခြောက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ထိုင်းနယ်စပ်မှာ သွားရောက်ခိုလှုံနေတဲ့ ဒုက္ခသည် အများအပြားဟာ ဆယ်စုနှစ်တွေနဲ့ချီ ကြာညောင်းအောင် နေရပ်စွန့်ခွာထားရသူတွေ ဖြစ်ပါတယ်။ နယ်စပ် ဒုက္ခသည် စခန်းတွေမှာ လက်ရှိ နေထိုင်သူ အားလုံးရဲ့ ၄၅ ရာခိုင်နှုန်းလောက်ဟာ အဲဒီ စခန်းတွေမှာပဲ မွေးဖွားခဲ့ကြသူတွေလို့လည်း သိရပါတယ်။
ကိုးကား: Thai PBS
ဓာတ်ပုံ – UNHCR