ဒေါ်အောင်ဆန်းစုကြည်အကြောင်း ကုလမှာ မြန်မာသံအမတ်ကြီး တင်ပြ
ဇွန်-၂၂။ ၂၀၂၆။ People’s Spring
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား ပြသပေးတဲ့ ပြယုဂ်တစ်ခု ဖြစ်နေသေးတယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး တင်ပြတဲ့ အစည်းအဝေးကို ဇွန်လ ၁၉ရက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဇွန်လ ၁၉ရက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်မြောက် မွေးနေ့နဲ့ တိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။
အဲဒါကြောင့် အဲဒီနေ့ အစည်းအဝေးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက ဒေါ်အောင်ဆန်းစုကြည် ပြင်ပလောကနဲ့ ဆက်သွယ်မှု ပြတ်တောက်နေတဲ့ အခြေအနေကို မီးမောင်းထိုး ဖော်ပြ ပြောကြားခဲ့တာပါ။
စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သူမရဲ့ မိသားစု၊ ရှေ့နေအဖွဲ့တို့နဲ့လည်း အဆက်အသွယ်ဖြတ်တောက်ထားပြီး သူမရဲ့ ကျန်းမာရေးနဲ့ အခြေအနေအတွက် ယုံကြည်စိတ်ချရတဲ့ လွတ်လပ်တဲ့ စစ်ဆေးအတည်ပြုခွင့်ကိုပင် ငြင်းပယ်ထားကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂအစည်းအဝေးမှာ တင်ပြပါတယ်။
ပြည်တွင်း၊ ပြည်ပမှာ မြန်မာပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသော နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လည်လွှတ်ပေးရေးအတွက် နှင်းဆီလှုပ်ရှားမှုကိုလည်း လုပ်ဆောင်နေတယ်လို့ ကုလ သံအမတ်ကြီးဦးကျော်မိုးထွန်းက ရှင်းပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်ကင်းရှင်းစေရေးနဲ့ ကျန်းမာရေးကောင်းမွန်စေရေးတို့ကို တောင်းဆုပြုပေးကြဖို့၊ အမြန်ဆုံး ပြန်လည်လွတ်မြောက်စေရေးအတွက် တောင်းဆိုပေးကြဖို့လည်း ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးမှာ မေတ္တာရပ်ခံခဲ့ပါတယ်။
တစ်ဖက်မှာလည်း မကြာသေးမီက စစ်တပ်လုပ်ဆောင်ခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ လုပ်ကြံဖန်တီးထားတဲ့ ရလဒ်တွေကို ပြင်းထန်စွာ ကန့်ကွက်ဖို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ဟ, လူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေဆဲဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။
𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴