မြန်မာနိုင်ငံကို ငွေကြေးခဝါချမှု အန္တရာယ်မြင့်နိုင်ငံအဖြစ် ဆက်လက်သတ်မှတ်ပြီး အမည်ပျက်စာရင်းတွင် ထပ်မံ ထည့်သွင်းထားဟု FATF က ကြေညာ

မြန်မာနိုင်ငံကို ငွေကြေးခဝါချမှု အန္တရာယ်မြင့်နိုင်ငံအဖြစ် ဆက်လက်သတ်မှတ်ပြီး အမည်ပျက်စာရင်းတွင် ထပ်မံ ထည့်သွင်းထားဟု FATF က ကြေညာ
ရန်ကုန်၊ ဇွန် ၂၂
မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး (AML) နှင့် အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (CFT) ကဏ္ဍများတွင် တိုးတက်မှုအချို့ရှိခဲ့သော်လည်း အွန်လိုင်းလိမ်လည်မှုနှင့် ဆိုက်ဘာရာဇဝတ်မှုအန္တရာယ်များ ဆက်လက်မြင့်မားနေသဖြင့် နိုင်ငံတကာ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ အမည်မည်းစာရင်းတွင် ဆက်လက် ထည့်သွင်းလိုက်ကြောင်း FATF က တရားဝင် ကြေညာသည်။
FATF ၏ နောက်ဆုံးအစည်းအဝေးကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကျင်းပခဲ့ပြီးနောက် မြန်မာ နိုင်ငံကို အမည်မည်းစာရင်းမှ ဖယ်ရှားခြင်းမပြုဘဲ ဆက်လက်ထားရှိမည်ဟု ကြေညာခဲ့ပြီး နိုင်ငံတကာ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို “အရေးယူဆောင်ရွက်ရန် တောင်းဆိုထားသည့် အန္တရာယ်မြင့်နိုင်ငံများ” (Black List) စာရင်းတွင် ဆက်လက် ထည့်သွင်းလိုက်ခြင်းဖြစ်သည်။
သို့သော် မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CTF) စနစ်များကို မြှင့်တင်ရန် လုပ်ဆောင်ချက်အချို့ ရှိခဲ့ခြင်းကြောင့် ပိုမိုပြင်းထန်သည့် တန်ပြန်အရေးယူမှုများ (Countermeasures) ပြုလုပ်မည့်အစား ငွေကြေးဆိုင်ရာ ပိုမိုတင်းကျပ်စွာ စိစစ်မှု (Enhanced Due Diligence) ကိုသာ ဆက်လက်ကျင့်သုံးရန် FATF က တောင်းဆိုထားသည်။
ယင်းစနစ်အရ ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် ဖောက် သည်များ၊ ငွေလွှဲပြောင်းမှုများနှင့် စီးပွားရေးဆက်ဆံမှုများအပေါ် ပိုမိုတင်းကျပ်စွာ စိစစ်ဆောင်ရွက်ရမည်ဖြစ်​ပြီး အဆိုပါ အရေးယူမှုမှာ မြန်မာနိုင်ငံနှင့် ငွေကြေးဆက်သွယ်မှုများကို လုံးဝတားမြစ်သည့် အရေးယူမှုအဆင့်သို့ မရောက်သေးပေ။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် မဟာဗျူဟာပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို ပြုပြင်ဖြေရှင်းရန် ကတိပြုခဲ့သော်လည်း လုပ်ငန်းစီမံချက်များကို အချိန်မီ အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင်လည်း တိုးတက်မှုမလုံလောက်သဖြင့် FATF ၏အမည်မည်းစာရင်းသို့ ဆက်လက်ထည့်သွင်းခဲ့ကြောင်း သိရှိရသည်။
FATF ၏ နောက်ဆုံးအစီရင်ခံစာအရ မြန်မာနိုင်ငံသည် ယခုအစီရင်ခံကာလအတွင်း ငွေကြေးထောက်လှမ်းရေးဆိုင်ရာ အချက်အလက်များကို ဥပဒေစိုးမိုးရေးအဖွဲ့များ၏ စုံစမ်းစစ်ဆေးမှုများတွင် ပိုမိုအသုံးပြုလာခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် နယ်စပ်ဖြတ်ကျော် ငွေကြေးခဝါချမှုအမှုများကို စုံစမ်းစစ်ဆေးလာခြင်းနှင့် ရာဇဝတ်မှုမှရရှိသည့် ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို ပိုမိုသိမ်းဆည်းနိုင်လာခြင်း စသည့် တိုးတက်မှုများရှိကြောင်း အသိအမှတ်ပြုထားသည်။
သို့သော် မြန်မာနိုင်ငံအနေဖြင့် ငွေကြေးထောက်လှမ်းရေးယူနစ်၏ လုပ်ငန်းဆောင်ရွက်နိုင်စွမ်းကို ပိုမိုမြှင့်တင်ရန်၊ ငွေကြေးခဝါချမှုများကို အန္တရာယ်အဆင့်နှင့် ကိုက်ညီစွာ စုံစမ်းစစ်ဆေး တရားစွဲဆိုနိုင်ရန်နှင့် ကျန်ရှိနေသည့် လုပ်ငန်းစီမံချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ရန် အရေးပေါ်ဆောင် ရွက်ရန်လိုအပ်ကြောင်း FATF က တိုက်တွန်းထားသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုနှင့် ဆိုက်ဘာရာဇဝတ်မှုများမှာ ဆက်လက်ကျယ် ပြန့်နေပြီး တရားမဝင်ငွေကြေးစီးဆင်းမှုအန္တရာယ်များကို ဖြစ်ပေါ်စေကြောင်း FATF က သတိပေးထားသည်။
မြန်မာနိုင်ငံက အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို တိုက်ဖျက်ရန် အမျိုးသားအဆင့်ကော်မတီတစ်ရပ် ဖွဲ့စည်းခြင်းနှင့် ဒေသတွင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်းစသည့် လုပ်ဆောင်မှုအချို့ရှိခဲ့သော်လည်း ဆိုက်ဘာလိမ်လည်မှုနှင့် ဆက်စပ်သည့် တရားမဝင်ငွေကြေးအန္တရာယ်များကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသေးကြောင်း FATF က ထောက် ပြထားသည်။
FATF အနေဖြင့် လူကုန်ကူးမှုနှင့် ရာဇဝတ်ဂိုဏ်းများ၏ အမြတ်ထုတ်ခံရသူများအပေါ် အထူးဂရုပြု၍ အဆိုပါ တရားမဝင်လုပ်ငန်းများကို တိုက်ဖျက်ရန် မြန်မာနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
FATF က မြန်မာနိုင်ငံသည် သတ်မှတ်ထားသည့် လုပ်ငန်းစီမံချက်အားလုံးကို ပြီးပြည့်စုံစွာ အကောင် အထည်ဖော်နိုင်သည့်အချိန်အထိ အမည်မည်းစာရင်းတွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားထားသည်။
အဆိုပါ ထုတ်ပြန်ချက်မတိုင်မီ တစ်ပတ်ခန့်ကလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပေကျင်းတွင် မြန်မာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် အွန်လိုင်းလောင်းကစားနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို ဆက်လက်နှိမ်နင်းရန် မြန်မာနိုင်ငံကို တိုက်တွန်းထားသည်။