အကြမ်းဖက်စစ်တပ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများအတွက် စစ်အုပ်စုမှ တရားခံများ ဖမ်းဆီးနိုင်ရေး SCEF က တရားစီရေး ယန္တရား ပြင်ဆင်လျက်ရှိဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

အကြမ်းဖက်စစ်တပ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများအတွက် စစ်အုပ်စုမှ တရားခံများ ဖမ်းဆီးနိုင်ရေး SCEF က တရားစီရေး ယန္တရား ပြင်ဆင်လျက်ရှိဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော
ရန်ကုန်၊ ဇွန် ၂၂
အကြမ်းဖက်စစ်တပ် ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုများအတွက် စစ်အုပ်စုမှ တရားခံများ ဖမ်းဆီးနိုင်ရေး SCEF က တရားစီရေး ယန္တရား ပြင်ဆင်လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။
ဇွန်လ ၁၉ ရက်နေ့ နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တံခါးဖွင့်အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေးသို့ ကိုလံဘီယာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၉၀ ကျော်က ပါဝင်တက်ရောက်ခဲ့ကြသည်။
မကြာသေးမီက ဖွဲ့စည်းခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အနာဂတ်တွင် ပေါ်ပေါက်လာမည့် ဖက်ဒရယ်အဖွဲ့အစည်းများတွင် ကျားမ တန်းတူညီမျှမှုရှိရေးအတွက် တက်တက်ကြွကြွ ဖော်ဆောင်နေသကဲ့သို့၊ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်သည့် ကျားမအခြေပြု ရက်စက်ကြမ်းကြုတ်မှုများအတွက် စစ်အုပ်စုတရားခံများကို ဖမ်းဆီးနိုင်ရန် အသွင်ကူးပြောင်းရေး တရားစီရင်မှု ယန္တရားများကိုပါ ပြင်ဆင်လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အသိပေးပြောဆိုသည်။
မြန်မာနိုင်ငံသည် လူကဖန်တီး၍ ဖြစ်ပေါ်လာသော ရက်စက်သည့် ပဋိပက္ခအတွင်း ၅ နှစ်ကျော်ကြာ ပိတ်မိနေပြီဖြစ်ပြီး၊ လက်ရှိဖြစ်ပေါ်နေသည့် ဘက်ပေါင်းစုံ အကျပ်အတည်း၏ အဓိကတရားခံမှာ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာသိမ်းမှုနှင့် အရပ်သားပြည်သူလူထုအပေါ် ကျူးလွန်နေသည့် စစ်အကြမ်းဖက်မှုများသာဖြစ်ကြောင်း သံမတ်ကြီးက ထောက်ပြထားသည်။
စစ်အုပ်စုသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ယနေ့တိုင် စနစ် တကျကျူးလွန်နေပြီး နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု သူက ဆိုသည်။
မတရားစစ်အာဏာသိမ်းထားသည့် ကာလတစ်လျှောက်တွင် စစ်အုပ်စုကျူးလွန်ခဲ့သည့် အဓမ္မပြုကျင့်မှုဖြစ်စဉ် ၉၀၀ ကျော် ရှိခဲ့သလို၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတစ်လတည်းတွင်ပင် အမျိုးသမီး ၆၃ ဦး လေကြောင်းမှ ဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် သေဆုံးခဲ့ရသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာများကို ကိုးကား၍ သံအမတ်ကြီးက တင်ပြသည်။
ထို့အပြင် စစ်အုပ်စုက လူသားချင်းစာနာမှု အကူအညီများကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ပြီး ဆေးရုံဆေးခန်းများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အမျိုးသမီးများ အချိုးမညီမျှစွာ ထိခိုက်နစ်နာနေရကြောင်း၊ သို့သော်လည်း မြန်မာအမျိုးသမီးများသည် နစ်နာသူများသက်သက်မဟုတ်ဘဲ၊ ကြောက်ရွံ့မှုအတိကင်းကင်းဖြင့် တော်လှန်ရေး၏ ရှေ့တန်းကနေ မားမားမတ်မတ် ပါဝင်နေကြသကဲ့သို့ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် စစ်ဘက်ဆိုင်ရာများတွင်လည်း ဦးဆောင်နေကြသည်ဟု သူက ချီးကျူးပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့်လည်း အမျိုးသမီးများ၏ နိုင်ငံရေးဦးဆောင်မှုအတွက် အတားအဆီးများကို မဟာမိတ်အင်အားစုများနှင့် လက်တွဲဖယ်ရှားပေးနေသည်ဟု ရှင်းလင်းခဲ့သည်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် အချိန်ဖြုန်းမနေတော့ဘဲ ပြဿနာ၏ ဇစ်မြစ်ကို ဖြေရှင်းရန်၊ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲနှင့် ရလဒ်များကို ပြင်းထန်စွာကန့်ကွက်ပေးရန်၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီတို့နှင့် တရားဝင် ထိတွေ့ဆက်ဆံပေးရန် မြေပြင်ရှိ အမျိုးသမီးများဦးဆောင်သော အရပ်ဘက်အဖွဲ့အစည်းများထံ တိုက်ရိုက်ငွေကြေးနှင့် နည်းပညာ ပံ့ပိုးပေးရန်၊ စစ်ရာဇဝတ်ကောင်များကို အရေးယူမည့် နိုင်ငံတကာ တရားစီရင်ရေးယန္တရား များကို ပံ့ပိုးပေးရန် တောင်းဆိုသည်။
မြန်မာနိုင်ငံ၏ အနာဂတ်သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရေးတို့အပေါ်တွင်သာ မူတည်နေခြင်းကြောင့်၊ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂစနစ်တစ်ခုလုံးအနေဖြင့် စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အပြီးသတ်ချုပ်ငြိမ်းစေပြီး ပြတ်သားသည့် အရေးယူဆောင်ရွက်ချက်များဖြင့် မြန်မာပြည်သူများ၏ စစ်မှန်သောဆန္ဒကို ဖော်ဆောင်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း သံအမတ်ကြီးက တောင်းဆိုတိုက်တွန်းသည်။