တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို အခွန်ကင်းလွတ်ခွင့်ပေးပြီး မြစ်ဆုံပြန်စမယ်လို့ မင်းအောင်လှိုင် ပြော
CJ Platform
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ဇွန်လ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ “မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ထိပ်သီးအစည်းအဝေး” (MCITP – 2026) မှာ စစ်ခေါင်းဆာင် မင်းအောင်လှိုင်က လျှပ်စစ်သုံးယာဉ် (EV) နဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွေမှာ ထိပ်တန်းရောက်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပြီး၊ အဲဒီကဏ္ဍတွေအတွက် ဥပဒေနဲ့အညီ အခွန်ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်တွေ ပေးအပ်သွားမယ်လို့ ပြောကြားခဲ့ကြောင်း စစ်အုပ်စုရဲ့ ဝါဒဖြန့်သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီ အစည်းအဝေးမှာ မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တာဝန်ရှိသူတွေ စုစုပေါင်း လူဦးရေ ၆၀၀ ခန့် တက်ရောက်ခဲ့ကြပြီး၊ တွေ့ဆုံပွဲအမှာစကား ပြောကြားရာမှာ မင်းအောင်လှိုင်က တရုတ်နိုင်ငံဟာ စွမ်းအင်သစ်နဲ့ လျှပ်စစ်သုံးကဏ္ဍမှာ အောင်မြင်နေတဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ပြီး၊ မြန်မာနိုင်ငံအနေနဲ့လည်း လျှပ်စစ်မော်တော်ယာဉ် ဖွံ့ဖြိုးရေးမူဝါဒ (EV Policy) ကို ချမှတ်ကာ ဘက်ထရီလျှပ်စစ်သုံးယာဉ်၊ EV Charger နဲ့ ဆက်စပ်ပစ္စည်းတွေကို အကောက်ခွန်နှုန်းတွေ လျှော့ချပေးထားကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လျှပ်စစ်သုံးအများပြည်သူ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်တက္ကစီနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ တွန်းအားပေးပြောဆိုခဲ့ပြီး၊ မြန်မာနိုင်ငံအနေနဲ့လည်း ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုတွေကို အားပေးလျက်ရှိတာကြောင့် တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းတွေအပြင် လေစွမ်းအင်အသုံးပြုတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနဲ့ ဖြန့်ဖြူးခြင်းလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ခြင်းနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းတွေဟာ မြန်မာနိုင်ငံရဲ့ တွန်းအားပေးရမယ့် ဦးစားပေးကဏ္ဍတွေ ဖြစ်တဲ့အတွက်၊ လာရောက်ရင်းနှီးမြှုပ်နှံမယ့် တရုတ်စီးပွားရေးလုပ်ငန်းတွေကိုလည်း ပြည်တွင်းတည်ဆဲဥပဒေတွေနဲ့အညီ အခွန်ကင်းလွတ်ခွင့်၊ အခွန်သက်သာခွင့်တွေကို ခံစားရရှိနိုင်မှာ ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောပါတယ်။
တစ်ဖက်မှာလည်း ရပ်တန့်နေတဲ့ တရုတ်-မြန်မာ စီမံကိန်းကြီးတွေ အမြန်ဆုံးပြန်စတင်နိုင်ရေးနဲ့ စီမံကိန်းနယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းကိုလည်း မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။
ဓာတ်ပုံ – Pro-SAC