ကျိုက်ထိုတွင် တော်လှန်ရေးအင်အားစုများ ခရီးတထောက်နားသည့် နေရာကို စစ်အုပ်စု ဗုံးကြဲ၊ ထိခိုက်သေဆုံးမှုများ ရှိဟုဆို

ကျိုက်ထိုတွင် တော်လှန်ရေးအင်အားစုများ ခရီးတထောက်နားသည့် နေရာကို စစ်အုပ်စု ဗုံးကြဲ၊ ထိခိုက်သေဆုံးမှုများ ရှိဟုဆို
ဇွန် ၁၉
မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ချောင်းစောက်ရွာရှိ ဈေးဆိုင်တဆိုင်ကို စစ်အုပ်စုတပ်က ယမန်နေ့ (ဇွန်လ ၁၈ ရက်) မွန်းလွဲပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ထိခိုက်၊ သေဆုံးမှုများ ရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။
တော်လှန်ရေးအင်အားစု ပူးပေါင်းတပ် ရဲဘော်များ ခရီးတထောက်နားနေသည့် ထိုဈေးဆိုင်ပေါ်သို့ ဗုံး ကျရောက်ခဲ့သဖြင့် ဆိုင်ရှင်များနှင့် တော်လှန်ရေးရဲဘော်များသာမက အခြား ဆိုင်ထိုင်နေသည့် အရပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသော်လည်း ထိခိုက်မှု အသေးစိတ်ကို မဇ္ဈိမက ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
“ အဓိကက သတင်းပေါက်တာပေါ့။ တည့်တည့်ကို ကျတာ” ဟု မြေပြင်သတင်းရင်းမြစ်တရပ်က ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ မဇ္ဈိမက တော်လှန်ရေးပူးပေါင်းတပ် တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ဗုံးကြဲခံရသည့် နေရာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေအတွင်း ပါဝင်ပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များ သွားလာလှုပ်ရှားသည့် နေရာဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ဒုတိယအပတ်နှင့် တတိယအပတ်အတွင်း၌လည်း ကော်ကပ်ရွာအပါအဝင် တပ်မဟာ (၁) အတွင်း နယ်မြေများကို စစ်အုပ်စုတပ်က မကြာခဏ လေကြောင်းကင်းထောက်ခြင်း၊ ဗုံးကြဲခြင်းများ ရှိခဲ့သည်။
စစ်အုပ်စုတပ်၏ လေကြောင်းကင်းထောက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံလူထုများ ဘေးလွတ်ရာများတွင် တိမ်းရှောင်နေကြရကြောင်း သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး
#Mizzima