နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့ အဖြစ် လန်ဒန်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့တွင် မြန်မာနိုင်ငံသားများက အစာငတ်ခံ ဆန္ဒပြနေ၊ ယနေ့ မြန်မာနိုင်ငံအပါအဝင် ပြည်တွင်းပြည်ပ နှင်းဆီလှုပ်ရှားမှုများ လုပ်ဆောင်ကြမည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့ အဖြစ် လန်ဒန်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့တွင် မြန်မာနိုင်ငံသားများက အစာငတ်ခံ ဆန္ဒပြနေ၊ ယနေ့ မြန်မာနိုင်ငံအပါအဝင် ပြည်တွင်းပြည်ပ နှင်းဆီလှုပ်ရှားမှုများ လုပ်ဆောင်ကြမည်
ရန်ကုန်၊ ဇွန် ၁၉
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့တွင် ၂၄ နာရီကြာ အစာငတ်ခံဆန္ဒပြပွဲ (24-Hour Hunger Strike) တစ်ရပ် ပြုလုပ်နေကြောင်း ဆန္ဒပြပွဲ ဦးဆောင်စီစဉ်နေသူ ကိုမင်းဟိန်းက သတင်းထုတ်ပြန်ပြောဆိုထားသည်။
ယနေ့ ကျရောက်သည့် ဇွန်လ ၁၉ ရက်နေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အဖြစ် ဗြိတိန်နိုင်ငံတွင် ရောက်ရှိနေသော ပြည်ပရောက် မြန်မာနိုင်ငံသားများက အကြမ်းဖက်စစ်တပ်၏ သံရုံးရှေ့တွင် အစာငတ်ခံ ဆန္ဒပြနေကြခြင်းဖြစ်သည်။
“Hunger Stike လို့ပြောရင် မသေမချင်း ဆန္ဒပြပြီး Result တစ်ခုရတဲ့အထိ လုပ်တာရှိတယ်။ ကျနော်တို့ကတော့ အမေစုကို ဂုဏ်ပြုတာပါ။ သူရဲ့ စွန့်လွှတ်မှုတွေ အနစ်နာခံမှုတွေနဲ့ ပြည်တွင်းမှာ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးရှိတယ်။ ကျနော်တို့ ထက်ငယ်တယ်၊ ကြီးတယ်ပေါ့။ အခက်အခဲတွေ အများကြီးရှိတယ်။ နောက်ပြီး တောထဲမှာ လက်နက်ကိုင်နေတဲ့သူတွေကတော့ ပြောစရာမရှိတော့ဘူး။ သူတို့တွေကတော့ အခက် အခဲတွေ ပိုရှိတယ်။ ကျနော်တို့ လုပ်ပေးနိုင်တဲ့ နှမ်းစေ့တစ်စေ့အနေနဲ့ပေါ့။ နောက်ပြီးတော့ Hunger Strike ဆိုတာက အစာမစားရဘူးဆိုတဲ့ ဘာသာရေးမှာလည်း မွန်မြတ်တဲ့ အလုပ်တစ်ခုပဲ။ ဒါဘာသာတိုင်းမှာလည်း မွန်မြတ်တယ်။ အစားအသောက်ကို Give Up လုပ်တယ်ဆိုတာ” ဟု ဆန္ဒပြပွဲ ဦးဆောင်စီစဉ်နေသူ ကိုမင်းဟိန်းက ထုတ်ဖော်ပြောဆိုသည်။
အဆိုပါ အစာငတ်ခံဆန္ဒပြပွဲကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့မတိုင်မီ ၁ ရက်ဖြစ်သော ဇွန်လ ၁၈ ရက်နေ့ ညနေ ၃ နာရီမှစတင်ကာ မွေးနေ့ကျရောက်သည့် ဇွန်လ ၁၉ ရက်နေ့ ညနေ ၃ နာရီအထိ လန်ဒန်မြို့ရှိ စစ်ကောင်စီသံရုံးရှေ့ (19A Charles St, London W1J 5DX) တွင် ပြုလုပ်နေခြင်းဖြစ်သည်။
အဆိုပါ အစာငတ်ခံဆန္ဒပြပွဲသို့ ဗြိတိန်ရောက် မြန်မာအမျိုးသမီးများ အပါအဝင် မြန် မာနိုင်ငံသား ၁၀ ဦးဝန်းကျင် အခြားနိုင်ငံများမှ မြန်မာနိုင်ငံသားများလည်း ပူးပေါင်းပါ ဝင်နေကြခြင်းဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ထား သည်မှာ ၅ နှစ်နီးပါး ရှိလာခဲ့ပြီဖြစ်ပြီး၊ လက်ရှိအချိန်အထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကျန်းမာရေးအခြေအနေနှင့် မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ဆိုသည့် ခိုင်မာသော သက်သေအထောက်အထား (Verified Evidence) တစ်စုံ တစ်ရာ ထွက်ပေါ်လာခြင်းမရှိဘဲ မိသားစုဝင်များနှင့် လွတ်လပ်သော စောင့်ကြည့်လေ့လာသူများအား တွေ့ဆုံခွင့်ကို စစ်ကောင်စီက လုံးဝပိတ်ပင်ထားဆဲ ဖြစ်သည်။
ထို့ကြောင့် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသားများက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက် သေပြပါ ဟူသည့် ကြွေးကြော်သံဖြင့် တောင်းဆိုမှုများ ဆက် တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။
ယနေ့ ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်မြောက်မွေးနေ့တွင် မြန်မာနိုင်ငံအပါအဝင် ပြည်တွင်းပြည်ပ နှင်းဆီလှုပ်ရှားမှုများကို လုပ်ဆောင်ကြမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက တရားဝင်္င ကြေညာချက်ထုတ်ပြန်ထားသည်