ရန်ကုန်တွင် “81 for 81” အမေစုချက်ချင်းလွှတ် ဗီနိုင်းချိတ်ဆွဲ ဆန္ဒပြ၊ မန္တလေးတွင် “နှင်းဆီ လှုပ်ရှားမှု” မလုပ်နိုင်စေရန် ပန်းသည်များကို ပျူစောထီးများက ဖမ်းဆီးပြီး နှင်းဆီပန်းများကို လိုက်လံ ဖျက်ဆီး

ရန်ကုန်တွင် “81 for 81” အမေစုချက်ချင်းလွှတ် ဗီနိုင်းချိတ်ဆွဲ ဆန္ဒပြ၊ မန္တလေးတွင် “နှင်းဆီ လှုပ်ရှားမှု” မလုပ်နိုင်စေရန် ပန်းသည်များကို ပျူစောထီးများက ဖမ်းဆီးပြီး နှင်းဆီပန်းများကို လိုက်လံ ဖျက်ဆီး
ရန်ကုန်၊ ဇွန် ၁၉

ယနေ့ကျရောက်သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဗီနိုင်းချိတ်ဆွဲကာ ဆန္ဒဖော်ထုတ်ကြကြောင်း ဦးဆောင်ဆန္ဒပြသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ ဘေလီတံတားထိပ် ဗိုလ်ချုပ်ကြေးရုပ်၌ “ပစ်တိုင်းထောင်လေးများသပိတ်အဖွဲ့” က ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံနှင့် “81 for 81 အမေစုချက်ချင်းလွှတ်” ဟူသည့် စာသားပါ ဗီနိုင်းကို ချိတ်ဆွဲကာ အာဏာရှင်ဆန့်ကျင်ရေးနှင့် လူထုခေါင်းဆောင် လွတ်မြောက်ရေးအတွက် ရဲရဲဝံ့ဝံ့ ဆန္ဒဖော်ထုတ်ကြခြင်းသည်။
“ဒီနေ့ ဇွန်လ ၁၉ ရက်နေ့ မနက် ၆ နာရီ ၄၅ မိနစ်လောက်မှာ ရန်ကုန်မြို့၊ မြောက်ဒဂုံ ဘေလီတံတားထိပ်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်မှာ အမေစုရဲ့ ဓာတ်ပုံနဲ့ ’81 for 81 အမေစုချက်ချင်းလွှတ်’ ဆိုတဲ့ ဗီနိုင်းကို ချိတ်ဆွဲပြီး လူထုခေါင်းဆောင်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ရဲရဲဝံ့ဝံ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်”ဟု ပစ်တိုင်းထောင်လေးများသပိတ်အဖွဲ့ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ မန္တလေးမြို့တွင်လည်း ပြည်သူများက နှင်းဆီပန်းများဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဂုဏ်ပြုလှုပ်ရှားမှု ပြုလုပ်မည်ကို စစ်ကောင်စီက အလွန်အမင်းစိုးရိမ်သဖြင့် ယနေ့နံနက်ပိုင်းတွင် ပန်းသည်များကို လိုက်လံဖမ်းဆီးပြီး နှင်းဆီပန်းများကို ဖျက် ဆီးနေကြောင်း​ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်အစောပိုင်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၉ လမ်းနှင့် ၆၀ လမ်းအကြား၊ ၁၁၇ လမ်းရှိ ရန်အောင်စျေးမှ ပန်းသည်များကို ၆၂ လမ်းမပေါ် ၁၁၇ လမ်းရှိ (ဃ) ရပ်ကွက်ရုံးတွင် အထိုင်ချနေသည့် ပျူစောထီးအဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ယင်းနောက် ပန်းသည်များထံမှ နှင်းဆီပန်းများအားလုံးကို ဖျက်ဆီးလိုက်ကြကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးမှုကို မတ္တရာမြို့နယ်တွင် သေဆုံးသွားခဲ့သည့် မန္တလေးမြို့မှ နာမည်ကြီး ပျူစောထီးခေါင်းဆောင် ဘိုဟိန်း၏ တပည့်အရင်းများဖြစ်ကြသော “တိုးကြီး” နှင့် “အာကာကျော်” ဆိုသူနှစ်ဦးက ဦးဆောင်ကာ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရုံတင်မကဘဲ စျေးအတွင်းရှိ နှင်းဆီပန်းများကိုပါ လိုက်လံဖျက်ဆီးပစ်ခဲ့ကြကြောင်း ဒေသခံ များထံမှ သိရသည်။
“ဒီနေ့မနက်ပဲ ပန်းသည်တွေကို ဖမ်းသွားတာ။ ပြီးတော့ ပန်းသည်တွေဆီက နှင်းဆီပန်းတွေကို ဖျက်ဆီးတယ်။ စျေးတွေထဲမှာ ရောင်းနေတဲ့ ပန်းတွေထဲက နှင်းဆီပန်းတွေကို လိုက်ပြီး ဖျက်ဆီးနေတယ်။ အဓိကတော့ နှင်းဆီပန်းတွေကို လိုက်ဖျက်ဆီးပစ်တာ”ဟု မျက်မြင်တွေ့ရှိခဲ့သူ ပြည်သူတစ်ဦးက ရှင်းပြသည်။
အဆိုပါ (ဃ) ရပ်ကွက်ရုံးထိုင် ပျူစောထီးအဖွဲ့သည် လက်ရှိ ပြည်ကြီးတံခွန်မြို့နယ်အတွင်း စစ်မှုထမ်းရန်အတွက် ပြည်သူများကို အတင်းအဓမ္မ လိုက်လံဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများကို အကြီးအကျယ် ကျူးလွန်နေသည့်အဖွဲ့ဖြစ်ပြီး၊ ပလမြေ (မြေကွက်) များကိုပါ မတရားရောင်းစားကာ သိန်းပေါင်းသောင်းချီ အကျင့်ပျက်ခြစား ချမ်းသာနေသူများလည်းဖြစ်သည်။
ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်း အမှတ်အဖြစ် မြန်မာနိုင်ငံ အပါအဝင် ပြည်တွင်းပြည်ပ နှင်းဆီ လှုပ်ရှားမှုများ ဆောင်ရွက်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။