စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်ကို NUG ဖမ်းဆီး

စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်ကို NUG ဖမ်းဆီး
ဇွန် ၁၇၊ ၂၀၂၆ ခုနှစ်
ကိုဇေယျာ / Think Media
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) အဖွဲ့ဝင် စစ်ကိုင်း PDF အဖွဲ့ရဲ့ ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်ကို NUG ရဲ့ အမှတ် ၁ စစ်ဒေသက ဖမ်းဆီးလိုက်ပါတယ်။
ဇွန်လ ၁၅ ရက်နေ့၊ ည ၈ နာရီလောက်မှာ ကိုစစ်ငြိမ်းနိုင်နဲ့ ရဲဘော် ၃ ဦးကို စစ်ကိုင်းတိုင်း ကောလင်းခရိုင်အတွင်းမှာ NUG ရဲ့ အမှတ် ၁ စစ်ဒေသက ဖမ်းဆီးခဲ့တာလို့ စစ်ကိုင်း PDF အဖွဲ့နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက TM Media ကို အတည်ပြုထားပါတယ်။
ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။
Local PDF အဖွဲ့တခုဖြစ်တဲ့ စစ်ကိုင်း PDF ကို NUG အောက်ဝင်ရေး အတွက် ခေါင်းဆောင်ကို ဖမ်းဆီးပြီး အတင်းအကြပ် ဖိအားပေးနေတာ ဖြစ်နေတယ်လို့ ဆိုရှယ်ဒီမိုကရက်ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ကိုကျော်ကိုကိုက ဆိုပါတယ်။
အခုလို ဖမ်းဆီးမခံရခင် အချိန်ကတည်းက NUG တပ်တွေက စစ်ကိုင်း PDF ကို NUG အောက်ဝင်ဖို့ ဖိအားပေးနေခဲ့တာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနှစ်ထဲမှာဘဲ SRA အဖွဲ့ဝင် အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA ခေါင်းဆောင် ကိုဇီးကွက်နဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် SRF ခေါင်းဆောင် ကိုစံတင်ထွန်းတို့ကို NUG တပ်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။
ခေါင်းဆောင်တွေ ဖမ်းဆီးခံရပြီး မကြာခင်မှာပဲ အဲဒီအဖွဲ့တွေဟာ NUG အောက်ကို ဝင်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
Local PDF တွေကို NUG အောက်ဝင်ရေး အခုလို ဖမ်းဆီး၊ ဖိအားပေးတာနဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေက NUG အပေါ် ဝေဖန်ကန့်ကွက်မှုတွေ ရှိနေပါတယ်။