မြန်မာ့အချုပ်အခြာအာဏာကို ကာကွယ်ပေးမယ်လို့ ရှီကျင့်ဖျင် ကတိပြု

မြန်မာ့အချုပ်အခြာအာဏာကို ကာကွယ်ပေးမယ်လို့ ရှီကျင့်ဖျင် ကတိပြု
ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်
တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ့်ကိုယ်ကိုယ်ခန့် သမ္မတ မင်းအောင်လှိုင်နဲ့ ပေကျင်းမြို့မှာ တွေ့ဆုံ ချိန် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့ ပံ့ပိုးကူညီမယ်လို့ ကတိပြုလိုက်ပါ တယ်။
၂၀၂၁ ခုနှစ်မှာ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုကြောင့် ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ပြုတ်ကျသွားခဲ့ပြီးနောက် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ဖြတ်တောက်ခဲ့ကြတဲ့ အတွက် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အရေးအပါဆုံး မဟာမိတ်နဲ့ ရှားရှားပါးပါး ရေရှည်လက်တွဲဖော် ဖြစ်လာခဲ့ပါတယ်။
တရုတ်အစိုးရဟာ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာပြည်တွင်းစစ်မှာ အဓိက သြ ဇာညောင်းတဲ့ ကြားဝင်စေ့စပ်ပေးသူအဖြစ် ပေါ်ထွက်လာခဲ့သလို မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ရွေး ကောက်ပွဲကိုလည်း အတိအလင်း ထောက်ခံခဲ့ပါတယ်။
မြန်မာရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ ပါဝင်ခွင့်မရခဲ့ဘဲ စစ်တပ်လိုလားတဲ့ လွှတ်တော်အမတ်တွေကပဲ အလွယ်တကူ အနိုင်ရရှိခဲ့ကြပြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေး ကောက်ခဲ့ကြတာပါ။
ပေကျင်းမြို့က ပြည်သူ့ခန်းမဆောင်မှာ ကျင်းပတဲ့ ကြိုဆိုပွဲအခမ်းအနားအပြီး အင်္ဂါနေ့မှာ မင်း အောင်လှိုင်နဲ့ တွေ့ဆုံစဉ် ရှီကျင့်ဖျင်က တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲမှုကို ပြတ်ပြတ်သားသား ထောက်ခံပံ့ပိုးပါတယ်လို့ ပြောကြားခဲ့ပါတယ်။
မင်းအောင်လှိုင်ရဲ့ အခုခရီးစဉ်ဟာ ပြီးခဲ့တဲ့ ဧပြီလမှာ အရပ်ဘက်သမ္မတအဖြစ် တာဝန်ယူပြီး နောက်ပိုင်း တရုတ်နိုင်ငံကို ဒုတိယအကြိမ်မြောက် သွားရောက်တဲ့ နိုင်ငံတော်အဆင့် ခရီးစဉ်ဖြစ်ပါတယ်။
မကြာသေးခင် နှစ်တွေအတွင်းမှာ နှစ်နိုင်ငံ နယ်စပ်ဒေသတလျှောက် တရုတ်နိုင်ငံသားတွေကို ပစ် မှတ်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကြောင့် ပေကျင်းနဲ့ ဆက်ဆံရေး တင်းမာပျက်ပြားခဲ့ဖူးတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ရှီကျင့်ဖျင်က မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်မှာ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီပြီး ပြည်သူတွေ ထောက်ခံအားပေးတဲ့ မှန်ကန်တဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ရှာဖွေနိုင်ဖို့ အတွက် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးကို မျှတအောင် လုပ်ဆောင်ရာမှာ အစိုးရသစ်ကို ပံ့ပိုးကူညီသွား မယ်လို့ ပြောခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးအနေနဲ့ အွန်လိုင်းငွေလိမ်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေနဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေကို ဆက်ပြီးတော့ ပြတ်ပြတ်သားသား နှိမ်နင်းရမယ်လို့လည်း ၎င်းက ဆိုပါတယ်။
ရှီကျင့်ဖျင်က တရုတ်-မြန်မာ ဆက်ဆံရေးကိုလည်း ချီးကျူးစကားပြောခဲ့ပြီး နှစ်နိုင်ငံဟာ အခက် အခဲတွေကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်လာခဲ့ကြတာလို့ ဆက်ပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံး ဆွေးနွေးညှိနှိုင်းမှုတွေကတစ်ဆင့် ငြိမ်း ချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ကြဖို့ ထောက်ခံပါတယ်” လို့ သူက ပြောပါတယ်။
ကိုးကား – TRT World
Ref; China’s Xi pledges firm support for Myanmar’s sovereignty