ဒေါ်လာ ၃ သိန်း ငွေလွှဲပြောင်းမှု သံသယဖြင့် အမေရိကန်စီးပွားရေးသမားကို ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးစစ်ဆေးနေဟုဆို
ရန်ကုန်၊ ဇွန် ၁၆
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း (AMCHAM Myanmar) ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ အမေရိကန်စီးပွားရေးသမား အဒမ် ကက်စတီလို (Adam Castillo) ကို ငွေကြေးဆိုင်ရာ သံသယဖြစ်ဖွယ် လွှဲပြောင်းမှုများနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
အဒမ် ကက်စတီလိုသည် လုံခြုံရေးနှင့် စွန့်စားမှုစီမံခန့်ခွဲရေးကုမ္ပဏီ AGS Myanmar ကို တည် ထောင်သူနှင့် ပိုင်ရှင်ဖြစ်ပြီး ဇွန်လ ၁၂ ရက်နေ့က ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
သူ၏ ကုမ္ပဏီ AGS Myanmar က သူတို့၏ ပိုင်ရှင်ကိစ္စမှာ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်းသာ ပြောဆိုခဲ့ပြီး အသေးစိတ်မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံသားတစ်ဦး ဖမ်းဆီးခံထားရသည်ဆိုသည့် သတင်းများကို သိရှိထားကြောင်း အတည်ပြုခဲ့သော် လည်း ကိုယ်ရေးအချက် အလက်ဆိုင်ရာ စည်းမျဉ်းများကြောင့် အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
မြန်မာစစ်ကောင်စီက တရားဝင်ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးသော် လည်း စစ်တပ်နှင့် နီးစပ်သည့် သတင်းမီဒီယာများက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း -AMCHAM Myanmar ၏ တိုင်ကြားချက်အရ အဒမ် ကက်စတီလိုကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။
အဒမ် ကက်စတီလိုသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည် ကြီးများအသင်း -AMCHAM Myanmar ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
AMCHAM Myanmar ၏ မေလ ၂၉ ရက် ထုတ်ပြန်ခဲ့သည့် နှစ်ပတ်လည်အစီရင်ခံစာအရ လက်ရှိ ဒါရိုက်တာအဖွဲ့အနေဖြင့် ယခင်ဘုတ်အဖွဲ့ဝင်များ၏ သံသယဖြစ်ဖွယ် ငွေကြေးဆိုင်ရာ လုပ်ဆောင် ချက်များကို တွေ့ရှိခဲ့ပြီး ဥပဒေရေးရာကုမ္ပဏီတစ်ခုထံသို့ စုံစမ်းစစ်ဆေးရန် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးမှုများအရ ယခင်ဘုတ်အဖွဲ့ ကိုယ်စားလှယ်တစ်ဦးက ၂၀၂၄ ခုနှစ် နိုဝင် ဘာလအတွင်း ဝါရှင်တန်အခြေစိုက် ပြည်သူ့ဆက်ဆံရေးကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး ဒေါ်လာ ၃ သိန်း ပေးချေခဲ့ကြောင်း တွေ့ရှိရသည်။
သို့သော် ယင်းငွေများမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း -AMCHAM Myanmar ၏ တရားဝင်ဘဏ်စာရင်းများအတွင်း ဝင်ရောက်ခဲ့ခြင်းမရှိဘဲ ပြင်ပမှတစ်ဆင့် လက်ခံသုံးစွဲခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် အဆိုပါစာချုပ်သည် တစ်ဦးချင်းဘုတ်အဖွဲ့ဝင်တစ်ဦး၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်၍ ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ဘုတ်အဖွဲ့၏ အတည်ပြုချက်လည်း မရရှိခဲ့ကြောင်း၊ AMCHAM Myanmar အနေဖြင့် ငွေကြေးတစ်စုံတစ်ရာ လက်ခံရရှိခြင်း၊ ဝန်ဆောင်မှုရရှိခြင်း သို့မ ဟုတ် ပေးချေခြင်းများ မရှိခဲ့ကြောင်း ဖော်ပြထားသည်။
အစီရင်ခံစာတွင် ယခင်ဘုတ်အဖွဲ့ဝင် ၂ ဦး ပါဝင်ပတ်သက်ခဲ့သည်ဟု ဖော်ပြထားသော် လည်း အမည်များနှင့် ဥပဒေရေးရာ ဆောင်ရွက်ချက်များကို ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။
လက်ရှိအချိန်တွင် အဒမ် ကက်စတီလိုအား မည်သည့်ပုဒ်မများဖြင့် အရေးယူထားသည်ကို မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
အဒမ် ကက်စတီလိုသည် အမေရိကန် မရိန်းတပ်ဖွဲ့ အရာရှိဟောင်းတစ်ဦးဖြစ်ပြီး အာဖဂန်နစ္စတန်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း ၎င်း၏ ကိုယ်ရေးအကျဉ်းတွင် ဖော်ပြထားသည်။ ထို့ပြင် ၂၀၂၄ ခုနှစ်တွင် တည်ထောင်ခဲ့သည့် Republican Overseas Myanmar ၏ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်နေသူဖြစ်သည်။
၎င်းသည် ဖမ်းဆီးမခံရမီ တစ်ရက်အလိုတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် စီးပွားရေးဖိုရမ်တစ်ခုသို့ တက်ရောက်ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများအရ သိရသည်