■ AA ထိန်းချုပ် ပလက်ဝတွင် လက်နက်ကိုင်အဖွဲ့ အသစ်တစ်ဖွဲ့ ပေါ်ပေါက်

■ AA ထိန်းချုပ် ပလက်ဝတွင် လက်နက်ကိုင်အဖွဲ့ အသစ်တစ်ဖွဲ့ ပေါ်ပေါက်
Western News| ဇွန် ၁၅
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့အသစ်တစ်ခု ပေါ်ပေါက်လာကြောင်း သိရပြီး Khumi People Front – KPF (ခူမီးတပ်မတော်)/ Khumi National Congress Party – KNCP ဟု သိရသည်။
ပလက်ဝမြို့နယ်ထဲက ပလက်မြို့၊ ဆမီးမြို့တို့ အပါအဝင် နယ်မြေ အများစုကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားပြီး နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသော CDF- Paletwa နှင့် CDF–Daai လက်နက်ကိုင်အဖွဲ့တို့လည်း ရှိနေသည်။
လက်ရှိ ပလက်ဝမြို့နယ်ထဲတွင် အသစ်ပေါ်ပေါက်လာသော KPF, CDF-Paletwa, CDF-Daai နှင့် အာရက္ခတပ်တော် AA စုစုပေါင်း လက်နက်ကိုင်အဖွဲ့ ၄ ခုရှိနေကြောင်း သိရသည်။
အသစ်ပေါ်ပေါက်လာသော KPF မှာ ဒေသခံပြည်သူများအား ဖမ်းဆီးခြင်းနှင့် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များကိုပါ ခြိမ်းခြောက်မှုများရှိနေကြောင်းနှင့် တပ်သားသစ်စုဆောင်းခြင်းတို့ကို လုပ်ဆောင်နေကြောင်း ပလက်ဝဒေသခံများက ပြောဆိုကြသည်။
သာယာကုန်း၊ ကျောက်ပလ္လင်၊ ဆတလိုင်ဝ စသည့် ကျေးရွာများမှ ဒါဇင်နှင့်ချီသော လူငယ်များကို ဇွန်လ ပထမအပတ်တွင် KPF မှ ဖမ်းဆီးသွားပြီး မိသားစုဝင်များမှ ပြန်လွှတ်ပေးရန် တောင်းဆိုသော်လည်း ပြန်မလွှတ်ပေးသေးကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှ ပြောဆိုထားကြသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ KPF ကို ဆက်သွယ်ရန် ကြိုးပမ်းနေပြီး လတ်တလောတွင် အဆက်အသွယ် မရရှိသေးပေ။
ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်အတွက် အရေးကြီးသလို ရခိုင်ပြည်အတွက်လည်း နယ်စပ်ကုန်သွယ်ရေး၊ စစ်ရေးအရ အရေးပါသော မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။
နယ်မြေအများစုကို ထိန်းချုပ်ထားသော အာရက္ခတပ်တော် AA က ပလက်ဝမြို့နယ်တွင် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အခြားသော ပညာရေး၊ ကျန်းမာရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး နယ်မြေခံ အခြားသော လက်နက်ကိုင်အဖွဲ့များနှင့်လည်း အပြုသဘောဆောင် ချိတ်ဆက်မှုများရှိကြောင်း စုံစမ်းသိရသည်။
#WesternNews #WN #ပလက်ဝမြို့နယ် #လက်နက်ကိုင်အသစ်တစ်ခုပေါ်ပေါက် #KPF #အာရက္ခတပ်တော် #AA #CDF #နယ်စပ်မြို့ #စစ်ရေးအရအရေးပါ