မြန်မာနိုင်ငံတစ်ဝန်း ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ရာတွင် ‘စစ်မှုထမ်းစုဆောင်းပေးနိုင်မှု’ ကို အရည်အချင်းအဖြစ် ထည့်သွင်းရန် ထွေ/အုပ် ညွှန်ကြား
ရန်ကုန်၊ ဇွန် ၁၇
မြန်မာနိုင်ငံတစ်ဝန်း ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များ ပြန်လည် ရွေးချယ်ခိုင်းရာတွင် စစ်မှုထမ်းတပ်သားစုဆောင်းပေးနိုင်မှုကို အရည်အချင်းသတ်မှတ်ချက်အဖြစ် ထည့်သွင်းထားပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေးအတွက် အားထားရသူများဖြစ်ပါက မူလ အုပ်ချုပ်ရေးမှူးများကို ပြန်လည် ခန့်ထားရန် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။
ယခုဇွန်လဆန်းပိုင်းမှစတင်ပြီး နိုင်ငံတစ်ဝန်းရှိ ရပ်ကွက်နှင့်အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ရန် အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော အုပ်ချုပ်ရေးအဖွဲ့က ညွှန် ကြားချက် ထုတ်ပြန်လာပြီး အဆိုပါ ညွှန်ကြားချက်တွင် NLD ၊ PDF ၊ CDM နှင့်မပတ်သက်သူများ၊ စစ်တပ်၊ရဲနှင့်ထွေ/အုပ်များနှင့်အတူ လုံခြုံရေး ပူးပေါင်းဆောင်ရွက်နိုင်သူများကို သာရွေးချယ်ရန် ပါဝင်ကြောင်း၊ ယင်းအပြင် စစ်မှုထမ်းတပ်သားများကို သတ်မှတ်ထားသော အရေအတွက်အတိုင်း ပြည့်မီအောင် စုဆောင်းပေးနိုင်မှုများကို အရည်အချင်း သတ် မှတ်ချက်အဖြစ် ထည့်သွင်းစဉ်းစားရန် ညွှန်ကြားထားကြောင်း သိရှိရသည်။
ယင်းအပြင် လက်ရှိ မူလ လက်ဟောင်း အုပ်ချုပ်ရေးမှူးများသည် ဒေသ လုံခြုံရေးအတွက် အားကိုးနေရသည့် သူများဖြစ်ပါက သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့်ညှိနှိုင်းကာ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခြင်းမပြုတော့ဘဲ မူလ အုပ်ချုပ်ရေးမှူးများကို ပြန် လည် ခန့်ထားရန်လည်း ညွှန်ကြားထားကြောင်း သိရှိရသည်။
“အရွေးချယ်ခံဖို့ အဆိုပြုတဲ့ သူတွေက သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ လုံခြုံရေး ဘယ် လောက် ပူးပေါင်းဆောင်ရွက်လဲ၊ စစ်မှုထမ်းတပ်သားစုဆောင်းပေးမှုတွေမှာ ပါဝင်ခြင်း ရှိ၊ မရှိ စတဲ့ အရည်အချင်း သတ်မှတ်ချက်တွေကို အထူးစိစစ်ခိုင်းတယ်။ အဲဒီအရည်အချင်း သတ်မှတ်ချက်တွေမမီရင်တော့ ပယ်ချဖို့။ ပွင့်ပွင့်လင်းလင်းပြောရရင် ရပ်ကွက်နဲ့ကျေးရွာ ပြည်သူလူထုက ထောက်ခံရုံနဲ့မရဘူး။ ထွေ/အုပ်က ညွှန်ကြားထားတဲ့ အရည်အချင်း သတ်မှတ်ချက်နဲ့ ပြည့်မီမှ ဖြစ်မယ်” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ရှင်းပြသည်။
လတ်တလော မြို့နယ်များက ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်များကို ပြန်လည် ရွေးချယ်ခန့်ထားခိုင်းရာတွင် အရွေးချယ်ခံ အဆိုပြုသူများတွင် ပျူစောထီးများ၊ ပြည်သူ့ စစ်များနှင့် ကြံ့ဖွတ်ပါတီဝင်များကို အများအပြားပါဝင်နေကြောင်း ၊ မြို့နယ်အများစုကမူ ရပ်ကွက်နှင့်အုပ်ချုပ်ရေးမှူးအသစ်များကို ပြန်လည် မရွေးချယ်တော့ဘဲ မူလ အုပ်ချုပ်ရေးမှူးများကိုပင် ပြန်လည် ခန့်အပ်မှုများရှိနေကြောင်း သိရှိရသည်။
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် ဆ ရပ်ကွက်တွင် လက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ စီဖြိုးဝင်းက ပြန်လည် ရွေးကောက်ခံနေပြီး ယခင် ဆိုင်ကယ်ခိုးမှုဖြင့် ထောင်ခဏခဏ ကျခံနေရသူ ဆယ်အိမ်မှူး စုတ်ဖွားက စီဖြိုးဝင်းကို အုပ်ချုပ်ရေးမှူး အဖြစ် ပြန်လည် ရွေးချယ်ပေးကြရန် ပြည်သူများကို လိုက်လံခြိမ်းခြောက် စည်းရုံးနေကြောင်း သိရှိရသည်။
“ပြည်ကြီးတံခွန် ဆ-ရပ်ကွက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ဖို့အတွက် လက်ရှိ ရပ် ကွက်ဥက္ကဋ္ဌ စီဖြိုးဝင်း (ခ) စံဖြိုးဝင်း၊ ဝဏ္ဏ၊ ကျော်ဇင်၊ အနော်ရထာတို့နဲ့အတူ ဆယ်အိမ်မှူး စုတ်ဖွား (ခ) မျိုးကိုတို့က သူတို့ကို ပြန်မဲပေးကြဖို့ ရပ်ကွက်ထဲ လိုက်လံနှိုးဆော်တယ်။ အဲဒီ ဆယ်အိမ်မှူး စုတ်ဖွား ဆိုသူဟာ အရင်က ဆိုင်ကယ်ခိုးဘီး (ခိုးရာပါဆိုင်ကယ်) လက်ခံတဲ့မှုနဲ့ ခဏခဏ ဖမ်းခံရဖူးသူ ဖြစ်ပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
လက်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်ရာတွင် ရွေးချယ်ခံရသူ အများစုမှာ ကြံ့ဖွတ်ပါတီကို ထောက်ခံသူများနှင့်ကြံ့ဖွတ်ပါတီဝင်များ အဓိက ရွေးချယ်ခံနေရကြောင်း စုံစမ်းသိရှိရသည်။ S