ကော်သူးလေ မှတ်ပုံတင် ၁ထောင်ကျော် ထိုင်းအကောက်ခွန် သိမ်း

ကော်သူးလေ မှတ်ပုံတင် ၁ထောင်ကျော် ထိုင်းအကောက်ခွန် သိမ်း
ဧရာဝတီ၊ ဇွန် ၁၆၊ ၂၀၂၆
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်လေဆိပ်၌ ကော်သူးလေ အမျိုးသားမှတ်ပုံတင်ကတ် ၁ထောင်ကျော်နှင့် တရားမဝင် စာရွက်စာတမ်းများကို အကောက်ခွန်ဌာနက သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။
အကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်တွင် ချင်းမိုင်လေဆိပ် အကောက်ခွန်စစ်ဆေးရေးဂိတ်၌ အမေရိကန်မှ ရောက်ရှိလာသော ခရီးသည်တဦး၏ သံသယဖြစ်ဖွယ် ခရီးဆောင်အိတ်များကို စစ်ဆေးခဲ့ရာ ကော်သူးလေ မှတ်ပုံတင်ကတ် ၁,၂၂၅ ခုနှင့် တရားမဝင်စာရွက်စာတမ်းများကို သိမ်းဆည်းခဲ့ပြီး သိမ်းဆည်းရမိပစ္စည်းများ ခန့်မှန်းတန်ဖိုးမှာ ဘတ် ၆၀,၂၁၄ ခန့်ရှိကြောင်း ဖော်ပြထားသည်။
ထိုပစ္စည်းများကို အမေရိကန်ပြည်ထောင်စုတွင် ထုတ်လုပ်ခဲ့ပြီး ထိုင်းနိုင်ငံ၏ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖြတ်သန်းခြင်းမရှိဘဲ နိုင်ငံအတွင်းသို့ ကုန်စည်များ မှောင်ခိုသွင်းယူသည့် ပြစ်မှု မြောက်စေပြီး၊ အကောက်ခွန်အက်ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကတ်များကို ခရီးဆောင်အိတ် ၂ အိတ်အတွင်း ထည့်သွင်း ယူဆောင်လာခြင်းဖြစ်ပြီး သယ်လာသူနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြခြင်း မရှိပေ။
ကော်သူးလေ မှတ်ပုံတင်ကတ် (Kawthoolei ID) သည် ကော်သူးလေအစိုးရမှ ၎င်းတို့၏ အုပ်ချုပ်မှုနယ်မြေများနှင့် ဒုက္ခသည်စခန်းများအတွင်း နေထိုင်သူများအတွက် ထုတ်ပေးသော နိုင်ငံသား/ဒေသခံ မှတ်ပုံတင်ကတ် ဖြစ်သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup