လောင်းလုံးမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်း ဒရုန်းဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရ (ရုပ်/သံ)

လောင်းလုံးမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်း ဒရုန်းဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခံရ (ရုပ်/သံ)
ဇွန် ၉ ၊ ၂၀၂၆

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ကနေ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကိုဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က သတင်းထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့မှာ လောင်းလုံးမြို့ကနေ စစ်ပြဲရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၈ လုံးချကာ စတင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်ပြဲရွာကနေ ဂေါ့အင်းရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မေလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အတွင်း ဒရုန်းနဲ့ ဗုံးသီး ၃၅ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဂေါ့အင်းရွာကနေ ကဒက်ကြီးရွာကို ဆက်လက်ချီတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း မေလ ၂၈ ရက်ကနေ မေလ ၃၀ ရက်နေ့အတွင်း ဗုံးသီး ၃၉ လုံးနဲ့ ၃ ကြိမ်၊ ကဒက်ကြီးရွာကနေ ဂေါ့အင်းရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကြောင်းကို ဇွန်လ ၁ ရက်နေ့မှာ ဗုံးသီး ၆ လုံးနဲ့ တစ်ကြိမ် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေကို လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) နဲ့ ကျောင်းသားတော်လှန်ရေးတပ် (SRF) တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့တယ်လို့ သိရပေမဲ့ အသေးစိတ်အခြေအနေကိုတော့ ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Video-Steel Butterfly Force