မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မူဘောင်အဖြစ် ဆက်လက်ထားရှိရန် အရေးကြီးဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက် မင်းအောင်လှိုင်ကို ပြောဆို

မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မူဘောင်အဖြစ် ဆက်လက်ထားရှိရန် အရေးကြီးဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက် မင်းအောင်လှိုင်ကို ပြောဆို
ရန်ကုန်၊ ဇွန် ၉
မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် (Five-Point Consensus) ကို လမ်းညွှန်မူဘောင်အဖြစ် ဆက်လက်ထားရှိရန် အရေးကြီးကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနို (Sugiono) က နေပြည်တော်သို့ လာရောက်စဉ် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြောကြားခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။
ဇွန်လ ၈ ရက်နေ့တွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးမှုအတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုက အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ သဝဏ်လွှာကို မင်းအောင်လှိုင်ထံသို့ ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖြစ်ပေါ်ရေးကို အင်ဒိုနီးရှားနိုင်ငံက ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံရေးဆွေးနွေးမှုများ မြှင့်တင်ရေးနှင့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံက ကူညီဆောင်ရွက်သွားရန် အသင့်ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မြန်မာနိုင်ငံက ဦးဆောင်ပြီး မြန်မာပြည်သူများက ပိုင်ဆိုင်ရမည့် လုပ်ငန်းစဉ်ဖြစ်သင့်ကြောင်း ၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာ့အရေး ဖြေရှင်းရာတွင် အခြေခံမူဘောင်နှင့် လမ်းညွှန်ချက်အဖြစ် ဆက်လက်ထားရှိရန် အရေးကြီးကြောင်းလည်း သူက ဆိုသည်။
နေပြည်တော်ခရီးစဉ်အတွင်း ဆူဂီယိုနိက စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းအရေးကိစ္စများ၊ စီးပွားရေး၊ ပညာရေးနှင့် ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံကို အာဆီယံမိသားစု၏ အရေးပါသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်ထားပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံနှင့် အခြားအာဆီယံနိုင်ငံများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း​ သတင်းထုတ်ပြန်ထားသည်။