မန္တလေးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ တစ်မြို့လုံးနေရာအနှံ့ဖြစ်ပွားနေပြီး ဆိုင်ကယ်လုယက်မှုများ အပါအဝင် ရာဇဝတ်မှုခင်းများလည်း ထိန်းမနိုင် သိမ်းမရ မြို့လယ်ခေါင် နေရာများတွင်ပါ နေ့အချိန် ဖြစ်ပွားနေ (ရုပ်/သံ)

မန္တလေးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ တစ်မြို့လုံးနေရာအနှံ့ဖြစ်ပွားနေပြီး ဆိုင်ကယ်လုယက်မှုများ အပါအဝင် ရာဇဝတ်မှုခင်းများလည်း ထိန်းမနိုင် သိမ်းမရ မြို့လယ်ခေါင် နေရာများတွင်ပါ နေ့အချိန် ဖြစ်ပွားနေ (ရုပ်/သံ)
ရန်ကုန်၊ ဇွန် ၉

မန္တလေးတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ တစ်မြို့လုံးနေရာအနှံ့ဖြစ်ပွားနေပြီး ဆိုင်ကယ်လုယက်မှုများ အပါအဝင် ရာဇဝတ်မှုခင်းများလည်း ထိန်းမနိုင် သိမ်းမရ လူနေထူထပ်စည်ကားသော မြို့လယ်ခေါင် နေရာများတွင် နေ့အချိန်များအတွင်း ဖြစ်ပွားနေ ကြောင်း မန္တလေးမှ ကင်းထောက်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မန္တလေးမြို့ပေါ်တွင် ယခု ဇွန်လဆန်းပိုင်းအတွင်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ နံနက်အစောပိုင်းမှစတင်ပြီး ညအချိန် ညဉ့်နက်ပိုင်းအထိ အလွန်များပြားစွာ ဖြစ်ပွားနေကြောင်း၊ မန္တလေးတစ်မြို့လုံးအနှံ့တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ၊ ယာဉ်စစ်ဆေးခြင်း၊ စုံ/မ စစ်ဆေးခြင်းများကို စစ်တပ်၊ရဲ၊ ထွေ/အုပ်နှင့် ပျူစောထီးများ က ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“စုံ/မစစ်ဆေးရင်းနဲ့လည်း ပေါ်တာဆွဲသွားတာပဲ။ ကားတွေနဲ့လည်း ပတ်ပြီး ပေါ်တာဆွဲတယ်။ မနက်အစောပိုင်းကနေ ညနေပိုင်းအထိ မန္တလေးတစ်မြို့လုံး နေရာအနှံ့မှာ ဂိတ်တွေချပြီး စစ်ဆေးတယ်။ ဖမ်းတယ်။ ပေါ်တာဆွဲတယ်။ ပေါ်တာဆွဲတယ်ဆိုတာက လူငယ်တွေကိုချည်း သီးသန့် ပေါ်တာဆွဲသီးသန့်မဟုတ်ဘူး။ လုံခြုံရေးအတွက် ဆိုင်ကယ်၊ ကားတွေ တားစစ်တယ်။ အဲဒီမှာ ဆိုင်ကယ်လိုင်စင်မပါတာ၊ လူလိုင်စင်မပါတာဆိုရင် လူငယ်တွေကို တစ်ခါတည်း ပေါ်တာဆွဲသွားတာ။ ဌာနပေါင်းစုံက ပေါ်တာဆွဲတာရော ယာဉ်စစ်တာရော၊ လုံခြုံရေးစစ်ဆေးတာရော အားလုံးကို ပေါင်းလုပ်နေကြတာ” ဟု မန္တလေးအခြေစိုက် ကင်းထောက်သတင်းရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၈ ရက်နေ့ စစ်တပ်၊ ရဲ၊ ပျူစောထီးနှင့် ထွေ/အုပ်များက ၁၂× လမ်း၈၀ ၊၆၅×၁၀၇ လမ်း၊
၄၅ လမ်း၊ ဘုရားကြီးရှေ့မုဒ်နှင့်အနောက်မုဒ်၊ ၆၃×၁၃၉ လမ်း၊ ၇၈ လမ်းထိန်ကုန်းပေါက်၊ ၇၈ BOC ဆီဆိုင်စစ်ုကိင်းလမ်းခွဲ အပါအဝင် မန္တလေးတစ်မြို့လုံးတွင် ဂိတ်ချ စစ်ဆေးမှုများ လုပ်ဆောင်ကာ ပေါ်တာဆွဲ ဖမ်းဆီးမှုများကိုပါ တစ်ပါတည်း လုပ်ဆောင်နေကြောင်း မန္တလေး ကင်းထောက်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။
” မြို့ ပေါ်အစစ်အဆေးတွေက လုံခြုံရေးအရ စစ်ဆေးတာက နည်းနည်း။ ပေါ်တာဆွဲတာက များများ၊ လူငယ်တွေကို ဖမ်းဆီးပြီး ငွေညှစ်တာက ပိုများတယ်” ဟု ကင်းထောက်သတင်းရင်းမြစ်က ပြောဆိုသည်။
ထိုသို့ မန္တလေးတစ်မြို့လုံး ပေါ်တာဆွဲ ဖမ်းဆီးမှုများနှင့် လုံခြုံရေး စစ်ဆေးမှုများ ရှိနေသာ်လည်း တစ်ဖက်တွင်လည်း မန္တလေးမြို့ပေါ်တွင်ပင် ဆိုင်ကယ်လုယက်ခြင်း၊ ဆွဲကြိုးဖြတ်ခြင်း၊ နေအိမ်များအတွင်းသို့ ဝင်ရောက် ခိုးယူခြင်း အပါအဝင် ရာဇဝတ်ဆိုင်ရာမှုခင်းများမှာလညး ပေါများစွာ အချိန်မရွေး ဖြစ်ပွားနေကြောင်း သိရှိရသည်။
ယမန်နေ့ ဇွန်လ ၈ ရက်နေ့ညနေ ၆ နာရီအချိန် ၆၁ လမ်းx ၁၂၃ လမ်းတွင် ဆိုင်ကယ်စီး ပြည်သူ ၁ ဦးကို အုပ်စုဖွဲ့၍ ဆိုင်ကယ်လုယက်ခံရသော CCTV ဗီဒီယိုဖိုင်ကို ဒေသပြည်သူတစ်ဦးက လူမှုကွန်ရက်မှ မျှဝေခဲ့ပြီး ယင်းဗီဒီယိုတွင် လမ်းသွားလမ်းလာနှင့် နေ့အချိန် ဖြစ်သည့်တိုင် ဆိုင်ကယ်ကို အုပ်စုဖွဲ့ လုယက်ရိုက်နှက်သွားခဲ့သည်ကို မြင်တွေ့ရသည်။
“အမှုအခင်းက အရမ်းများတယ်။ မန္တလေးမြို့ပေါ်မှာ ဘယ်မှာမှ မလုံခြုံတာ။ ဆိုင်ကယ်လုတာကတော့ အဆိုးဆုံး။ ဆိုင်ကယ်အလုခံရတယ်။ အခိုးခံရတယ်။ အဲဒါတွေက နေ့တိုင်းဖြစ်နေတာ။ မြို့ပေါ်မှာ ရှိနေတဲ့ လုံခြုံရေးဆိုတာကလည်း ပေါ်တာဆွဲ ငွေညှစ်ပဲ လုပ်ကြတာ။ တကယ့်လုံခြုံရေးကို လုပ်နေတာမှမဟုတ်တာ” ဟု မန္ဆလေး ကင်းထောက်သတင်းရင်းမြစ်က ရှင်းပြသည်