တပ်ချုပ်မှ ရာထူးမှ အနားယူထားသော်လည်း အကြမ်းဖက် မင်းအောင်လှိုင် အမိန့်ဖြင့် စစ်လက်နက်ထုတ်လုပ်ရေးဆိုင်ရာ ဌာနများမှ ဗိုလ်ချုပ် မျိုးအောင်၊ ဗိုလ်ချုပ် ဌေးအောင် အပါအဝင် စစ်အရာရှိကြီးများကို ဖယ်ရှား
ရန်ကုန်၊ ဇွန် ၈
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အိန္ဒိယခရီးစဉ်အပြန် စစ်လက်နက်ပစ္စည်းထုတ် လုပ်ရေး- ကပစမှ ဒုတိယထုတ်လုပ်ရေးအရာရှိချုပ် ၂ ဦးအပါအဝင် စီနီယာစက်ရုံကြီးမှူးများနှင့် ဌာနကြီးမှူး စစ်အရာရှိကြီးများကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း သိရှိရသည်။
မင်းအောင်လှိုင်မှာ တပ်ချုပ်ရာထူးမှ အနားယူထားသော်လည်း ယခုကဲ့သို့ စစ်ဗိုလ်ချုပ်များကို ဖယ် ရှားအပြောင်းအလဲလုပ်ခြင်းကို ၎င်း၏ အမိန့်ဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်နှင့် နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ သွား ရောက်ခဲ့ရာ ယင်းခရီးစဉ်တွင် တပ်မတော် ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ် မိုးမြင့်ဆွေ အပါအဝင် ဌာနကြီးမှူးများနှင့် စက်ရုံမှူးတချို့ လိုက်ပါသွားခဲ့ကြသည်။
ယခင်က အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်တပ်၏ လက်နက်ထုတ်လုပ်ရေး ကပစစက်ရုံများနှင့်ပတ်သက်မှုမရှိသော်လည်း ယခုခရီးစဉ်တွင် ကကထုတ်အရာရှိချုပ်နှင့် ဌာနကြီးမှူး၊ စက်ရုံမှူးများ လိုက်ပါသွားသည့်အတွက် ထူးခြားနေကြောင်း၊ အဆိုပါခရီးစဉ်အပြန်တွင်မှ စက်မှုတက္ကသိုလ် ကျောင်းဆင်း စစ်အရာရှိကြီးများကို ဖယ်ရှားသည့် အနေအထားမျိုး တွေ့ရခြင်းဖြစ်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။
“ဒီခရီးစဉ်အပြန်ကျကာမှ RIT ကျောင်းဆင်းတွေကို ဖယ်ရှားတဲ့ အနေအထားမျိုးတွေ့ရတယ်။ အဲဒီကြောင့် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်က လက်နက်ထုတ်လုပ်ရေး အတွက်ပါ တစ်ခုခုပါနေမလား ဆိုပြီးတော့ ဆက်ပြီးတော့ စောင့်ကြည့်နေတယ်။”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကာကွယ်ရေးပစ္စည်းစက်ရုံများသည် တရုတ်နိုင်ငံမှ နည်းပညာများသာဖြစ်ပြီး မြောက်ကိုရီးယားနည်းပညာအချို့ဖြစ်သည့် ကပစ ၁၄ (လေကြောင်းရန်ကာကွယ်ရေးအတွက် ပခုံးထမ်းဒုံးပစ်လောင်ချာစက်ရုံ) နှင့် ကပစ ၂၃ (လောင်စာအခဲသုံး တာတိုပစ်ဒုံးကျည်စက်ရုံ) တို့ရှိသော်လည်း မြောက်ကိုရီးယားနှင့် အဆက် အသွယ်ပြတ်တောက်ကာ ယင်းစက်ရုံများမှာ ရပ်ဆိုင်းနေရသည်။
ယင်းစက်ရုံများသည် မြောက်ကိုရီးယားနည်းပညာဖြစ်သဖြင့် မြောက်ကိုရီးယားပညာရှင်များ ပြန်သွားချိန် လက်နက်ခဲယမ်းထုတ်လုပ်တပ်ဆင်ရေးအတွက် စက်များတန်းလန်းဖြင့် ရပ်ထားရခြင်း ဖြစ်သည်။
CDM ဗိုလ်ကြီးဇင်ယော်က “အန္ဒိယနဲ့ ကပစနဲ့က ဆက်စပ်မှု မရှိဘူး။ ဒါပေမယ့် ဒီခရီးစဉ်မှာ ကာ ကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရော ပြီးရင် ကကထုတ်က ဌာနကြီးမှူးတွေနဲ့ စက်ရုံမှူးတွေပါ ခေါ် သွား တယ်ဆိုတော့ တစ်ခုခုတော့ ထူးခြားတယ်။ ပြီးရင် ဖြုတ်ထုတ်သတ်လုပ်တာကလည်း အိန္ဒိယ ခရီးစဉ်အပြန်မှ လုပ်တာ။ ဒုထုတ်ချုပ်နှစ်ယောက် အလုံးအပါအဝင် ဌာနကြီးမှူးတွေနဲ့ စီနီယာစက်ရုံမှူးတွေကို နေရာကနေ ဖယ်ရှားလိုက်တာ”ဟု ပြောဆိုသင်္ည။
မင်းအောင်လှိုင်က စစ်လက်နက်ထုတ်လုပ်ရေးဆိုင်ရာ ဌာနများမှ စစ်အရာရှိကြီးများကို ဖယ်ရှားအပြောင်းအလဲလုပ်ရာတွင် ဒုတိယထုတ်လုပ်ရေးအရာရှိချုပ်(စစ်လက်နက်ပစ္စည်း) ဗိုလ်ချုပ် မျိုးအောင် နေရာတွင် ဗိုလ်ချုပ် နေမျိုးကိုလည်းကောင်း၊ ဒုတိယထုတ်လုပ်ရေးအရာရှိချုပ် (အကြီးစား) ဗိုလ်ချုပ် ဌေးအောင် နေရာတွင် ဗိုလ်ချုပ် ညီညီအောင်ကိုလည်းကောင်း ခန့်အပ်ခဲ့သည်။
ယင်းအပြင် အမြောက် လက်နက်ဌာနကြီး (ထုတ်-၅) ဌာနကြီးမှူးအဖြစ် ဗိုလ်မှူးချုပ် ဝင်းမြင့်မောင်၊ ဒုံးလက်နက်ဌာနကြီး(ထုတ်- ၆) ဌာနကြီးမှူးအဖြစ် ဗိုလ်မှူးချုပ် ဇော်ရဲထွေး တို့ကိုလည်းကောင်း ပြောင်းလဲခန့်အပ်လိုက်သည့်အပြင် လက်နက်ထုတ်လုပ်ရေး ကပစစက်ရုံများ၏ စက်ရုံမှူး (တပ်မှူး) နေရာ အများအပြားကိုလည်း ပြောင်းလဲခန့်အပ်လိုက်ကြောင်း သိရသည်။
ထိုသို့ ရာထူးမှ ဖယ်ရှားခံရသော စစ်ဗိုလ်ချုပ်များနှင့်အရာရှိကြီးများမှာ လက်ရှိ တပ်ချုပ်သစ်ရဲဝင်းဦး ထက် စီနီယာကျသူများနှင့် တပ်ချုပ်ရဲဝင်းဦးနှင့် ဗိုလ်သင်တန်းအပတ်စဉ်တူသူ များဖြစ်နေသည်။
RIT ကျောင်း ဆင်း စစ်အရာရှိကြီးများကို ဖယ်ရှားကာ စစ်တပ်နည်းပညာတက္ကသိုလ် (DSTA) သင်တန်းဆင်း အင်ဂျင် နီယာများဖြင့် သွေးသစ်လောင်းခြင်း ဖြစ်နိုင်သည်ဟု စစ်တပ်အတွင်း သုံးသပ်ကြသည်။
“RIT ကျောင်းဆင်း တွေကို ဖယ်ပြီးတော့ စစ်အင်ဂျင်နီယာကျောင်းဆင်း တပ်မ တော် နည်းပညာတက္ကသိုလ် – DSTA က အဖွဲ့တွေနဲ့ သွေးသစ်လောင်းတဲ့အနေအထားမျိုးပဲ။ တပ်ချုပ်ထက်လည်း စီနီယာကျတယ်။ တပ်ချုပ်နဲ့ Level လောက်ပဲ ရှိ တဲ့ ကာနယ်တွေပဲဆိုတော့ သူတို့ခိုင်းစရာရှိတာခိုင်းလို့ ဝသွားလို့ ချောင်ပြန်ထိုးလိုက်တဲ့အနေအထား မျိုးပါပဲ။”ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆက်လက်ရှင်းပြသည်။
နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကမူ စစ်တပ်အတွင်း ဗိုလ်မှူးကြီးနှင့်အထက် ရာထူးအပြောင်း အလဲများကို တပ်ချုပ်ရာထူးမှ အနားယူထားသော မင်းအောင်လှိုင်ကပင် ဆက်လက်လုပ်ကိုင်နေပြီး မင်းအောင်လှိုင် ချထားပေးသည့် လူစာရင်းအတိုင်း တပ်ချုပ်သစ် ရဲဝင်းဦးက လက်မှတ်ရေးထိုး ထုတ်ပြန်ပေးနေရခြင်းဖြစ်သည်ဟု ပြောဆိုသည်။