ရန်ကုန်-မန္တလေး လမ်းဟောင်းမှ စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၁ လက် ရရှိ၊ ရေစကြိုတွင် အဖေ အုပ်ချုပ်ရေးမှူးနှင့်သား ပျူစောထီးတို့ကို တော်လှန်ရေးတပ်က ဝင်ရှင်း
ရန်ကုန်၊ ဇွန် ၉



ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ အကြမ်းဖက် စစ်တပ် ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဖြူးမြို့နယ် ပကဖ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် ညောင်ပင်သာမြို့နှင့် ခလရ ၅ တပ်ရင်းကြားရှိ အမြန်လမ်း ၁၀၇မိုင် ၊ ၅ဖာလုံသို့ ဆက်သွယ်ပေးထားသော စိမ့်ကြီးလမ်းပေါ်မှ စစ်တပ်ဂိတ်စခန်းကို ဖြူးမြို့နယ် ပကဖ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး MA-1 သေနတ် ၁ လက်နှင့်ကျည်ဘောက် ၁ ခုသိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး 9 mm သေနတ် အတိုတစ်လက်နှင့် ဆိုင်ကယ် ၂ စီးလည်း ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
ယင်းသို့ တိုက်ခိုက်မှု ပြုလုပ်ခဲ့သော ဖြူးမြို့နယ် ပကဖ ရဲဘော် ၃ ဦးမှာ အကြမ်းဖက် စစ်တပ် ကင်း ပုန်းများကြောင့် ပိတ်မိနေခဲ့၍ ဇွန်လ ၈ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဖြူးမြို့နယ် ပကဖ နှင့် နဂါးနီတပ်ရင်းမှ ရဲဘော်များ ပူးပေါင်းကာ ပြန်လည် ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ထိုသို့ သွား ရောက်ကယ်ထုတ်စဉ်အတွင်း ကင်းပုန်းဝပ်နေသော စစ်သား ၁ ဦးကိုလည်း ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးဂိတ်ကို ဝင်တိုက်တာက သေနတ် ၁ လက်သိမ်းဆည်းနိုင်ခဲ့တယ်။ စစ်ခွေး ၂ ကောင်သေတယ်။ ကင်းပုန်း ဝပ်နေတဲ့ စစ်ခွေးကို ထပ်မံ တိုက်ခိုက်တာမှာလည်း စခ ၁ ကောင်သေတယ်။ ” ဟု ဖြူးမြို့နယ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်အနိုင်ကျင့်နေသော အုပ်ချုပ်ရေးမှူးနှင့်သားဖြစ်သူ ပျူစောထီးတို့ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၈ ရက်နေ့ ညပိုင်းတွင် ရေစကြိုမြို့ အမှတ် ၄ ရပ်ကွက်၌ အကြမ်းဖက် စစ်ကောင်စီက ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူး လွင်မျိုးအောင် (ခ) ငလွင် နှင့် သားဖြစ်သူ ပျူစောထီး ရဲမာန် တို့ကို တော်လှန်ရေးရဲဘော်များက ၎င်းတို့နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးစဉ်အတွင်း ထွက်ပြေးရန် ပြုလုပ်ခြင်းကြောင့် နေရာတွင် ပစ်ခတ် ဖမ်းဆီးစဉ် ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ် အနိုင်ကျင့်နေတဲ့ အုပ်ချုပ်ရေးမှူး လွင်မျိုးအောင် (ခ) ငလွင်နဲ့ သားဖြစ်သူ ပျူစောထီး ရဲမာန်ကို သူတို့နေအိမ်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ထွက်ပြေးဖို့ လုပ်လို့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ၂ ဦးလုံးကျည်ထိမှန်ပြီး သေဆုံးတယ်” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီနှင့်တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း ပေါင်းသင်းဆက်ဆံထောက်ပံ့အားပေးသည့် မည်သူ့ကိုမဆို အာမခံချက်မရှိဘဲ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးပြောဆိုထားသည်