ပေါက်ကိုယ်တော် ဂုဏ်ယူဝံ့ကြွားနေတဲ့ ပေါက်မြို့နယ် ပျူစခန်းနဲ့ ရဲစခန်းတို့ကို သိမ်းပိုက်၊
စစ်အုပ်စုနဲ့ပျူ အလောင်း ၄၀၊ လက်နက် ၃၀ ကျော် သိမ်းဆည်း ရရှိပြီး သုံ့ပန်းတွေလည်း မိ၊
ဓားစာခံလူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၂၀၀ ကိုလည်း ကယ်ထုတ်နိုင်၊
အီသာရမ်/MFP၊ ဇွန် – ၅




လက်နက်နဲ့ လူအင်အား အပြည့်အစုံရှိတယ်လို့ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော် ဆိုသူက ဂုဏ်ယူဝံ့ကြွားလေ့ရှိတဲ့ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ ကုက္ကိုစုရွာ ပျူစောထီးစခန်းနဲ့ ရေပြာရွာ ရဲစခန်းတို့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စုနဲ့ ပျူစောထီး အလောင်း ၄၀ ကျော်နဲ့ လက်နက် ၃၀ ကျော် သိမ်းဆည်း ရရှိကာ သုံ့ပန်းတွေလည်း ဖမ်းဆီးရမိထားတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်ရဲ့ တပည့်တွေ ကြီးစိုး အခြေပြုထားပြီး စစ်အုပ်စုနဲ့ ပျူစောထီး စုစုပေါင်း အင်အား ၃၀၀ လောက် အထိုင်ချ တပ်စွဲထားတဲ့ ပေါက်မြို့နယ်ရှိ ကုက္ကိုစုရွာ ပျူစခန်းနဲ့ ရေပြာရွာ ရဲစခန်းတို့ကို ဒေသခံ တော်လှန်ရေးတပ်တွေက ဇွန် ၂ရက်နဲ့ ၄ရက်တွေမှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နာရီပိုင်းအတွင်း စခန်းတွေ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ ပျူစခန်းနဲ့ ရဲစခန်းသိမ်း တိုက်ပွဲအတွင်း စစ်အုပ်စုနဲ့ ပျူ ၄၀ ကျော် သေကာ ၆၀ မမ လက်နက်ကြီး အပါအဝင် လက်နက် ၃၀ ကျော် သိမ်းဆည်း ရရှိပြီး သုံ့ပန်းတွေလည်း ဖမ်းမိထားတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
“ရဲနဲ့ပျူတွေ ၄၀ ကျော်လောက် သေတယ်၊ အရှင်ဖမ်းမိတာလည်း များတယ်၊ ဖမ်းမိတာက ရဲရော ပျူစောထီးရောပေါ့၊ လက်နက်တွေ၊ ကျည်တွေတွေ ရိက္ခာတွေလည်း အများကြီး ရထားတယ်”
ဇွန် ၂ရက်မှာ ရေပြာရွာ ရဲစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ နာရီပိုင်းအတွင်း သိမ်းပိုက် နိုင်ခဲ့ပြီး ရဲပြာရွာရဲစခန်းရှိ စစ်အုပ်စု ရဲတွေဟာ ကုက္ကိုစုရွာ ပျူစခန်းဘက် ထွက်ပြေးခိုအောင်းသွားလို့ တော်လှန်ရေး တပ်တွေက ဇွန် ၄ရက်မှာ ကုက္ကိုစုရွာ ပျူစခန်းကို ဆက်လက် တိုက်ခိုက်ခဲ့ရာ နာရီပိုင်းအကြာမှာ ထပ်မံ စခန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
ကုက္ကိုစုရွာ ပျူစခန်းသိမ်း တိုက်ပွဲအတွင်း ပေါက်ကိုယ်တော် လက်အောက်ခံ ပျူစောထီးတွေ အများအပြား သေဆုံးပြီး ရေပြာရွာရဲစခန်းကနေ ထွက်ပြေးလာတဲ့ ရဲတွေကတော့ အသေမခံဘဲ ထပ်မံ ထွက်ပြေးကြရာ တော်လှန်ရေးတပ်တွေက ထွက်ပြေးသူတွေကို လိုက်လံ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ ကုက္ကိုစုရွာ ပျူစောထီးစခန်းမှာ လက်နက်နဲ့ လူအင်အားတွေ လုံလုံလောက်လောက် ရှိတယ်လို့ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်ဆိုသူက ကြွေးကြော်ထားပေမဲ့ တော်လှန်ရေး တပ်တွေက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲရာမှာ နာရီပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကုက္ကိုစုရွာ ပျူစောထီးစခန်းကို ကျေးရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတပ်စွဲထားတာ ဖြစ်ပြီး သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ရဲ့ ဆောင်းဆိုမှုကြောင့် အာဏာသိမ်း စစ်အုပ်စုက လက်နက်နဲ့ ခဲယမ်းတွေ ချပေးထားလို့ ကုက္ကိုစုဟာ ပေါက်မြို့နယ်အတွင်း အင်အားကောင်းတဲ့ ပျူစောထီး စခန်းတစ်ခု ဖြစ်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။
ရေပြာရွာရဲစခန်းကတော့ ပုသိမ်-မုံရွာ လမ်းပေါ်မှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့ နေရာမှာ တည်ရှိကာ စစ်အုပ်စုက လမ်းပေါ်တက် ဂိတ်ဖွင့်ငွေညှစ်တာတွေ ကျူးလွန်လေ့ရှိတဲ့ စခန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ပေါက်နယ်ရှိ ကုက္ကိုစုနဲ့ရေပြာရွာ ပျူစခန်းနဲ့ရဲစခန်းတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ချိန် စစ်ကူ၊ ပစ်ကူပေးဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဆိုသူက အာဏာသိမ်း စစ်အုပ်စုထံ တောင်းဆိုခဲ့ပေမဲ့ လုံလောက်တဲ့ စစ်ကူမရခဲ့ကြောင်းနဲ့ ကုက္ကိုစုနဲ့ ရေပြာ စခန်းတွေ ကျဆုံးတာဟာ ပေါက်မြို့ အတွက်ပါ ရှုံးနိမ့်တာ ဖြစ်တယ်လို့ သင်္ကန်းဝတ် ပျူစောထီး ခေါင်းဆောင် ပေါက်ကိုယ်တော် ဆိုသူက ပြောပါတယ်။
တချိန်တည်းမှာပဲ ကုက္ကိုစုရွာထဲရှိ ငတ်ပြတ်နေတဲ့ ပြည်သူ ၂၀၀ ခန့်ကိုလည်း တော်လှန်ရေးတပ်တွေက ကယ်ထုတ် လာပြီး အစားအသောက်တွေ ကျွေးမွေးစောင့်ရှောက်ကာ ဆေးဝါးကုသမှုတွေ ပေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။