ပေါက်မြို့နယ်၊ ရေပြာရဲစခန်းနှင့် ကုက္ကိုစုကျေးရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းဆီးရရှိ၊ လက်နက် ၃၀ ကျော်နှင့် ခဲယမ်းအမြောက်အမြား သိမ်းပိုက်ရရှိ
ရန်ကုန်၊ ဇွန် ၅






မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းနှင့် ကုက္ကိုစုကျေးရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၄၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၂၀ ကျော် ဖမ်းဆီးရရှိထားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၃ ရက်နှင့် ယနေ့ ၄ ရက်နေ့တို့တွင် ပေါက်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရေပြာရွာနှင့် ကုက္ကိုစုရွာရှိ စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ ခုခံ တိုက်ခိုက်ခဲ့သော်လည်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေးတပ်များက စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မကြာမီ တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ ၄၀ ကျော်လောက်သေတယ်။ အလောင်းတွေလည်းရတယ်။ စစ်သုံ့ပန်း ၂ ကျော်တယ်။ စခ၊ ရခ နဲ့ ပျူတွေ မိတာ။ လက်နက်က အလက် ၃၀ ကျော်တယ်။ ခဲယမ်းတွေ ဗုံးတွေ ကျည်ဆန်တွေ မိုင်းတွေလည်းရတယ်။ အသေးစိတ်ကို သတင်းထုတ်ပြန်ဖို့ရှိပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
လတ်တလော တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းရေး ထပ်မံ လုပ်ဆောင်နေပြီး စစ်တပ်က စစ်ကြောင်းထိုးလာနိုင်သဖြင့် စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေဆဲဖြစ်ကြောင်း သိရှိရသည်။