တပ်မ (၃၃) အခြေစိုက်တဲ့ စစ်ကိုင်းမြို့ပေါ်က လဝကရုံး ဗုံးခွဲခံရပြီး အယောက်၂၀ ဒဏ်ရာရ

တပ်မ (၃၃) အခြေစိုက်တဲ့ စစ်ကိုင်းမြို့ပေါ်က လဝကရုံး ဗုံးခွဲခံရပြီး အယောက်၂၀ ဒဏ်ရာရ
ဇွန် ၅ – ၂၀၂၆
SN (VOM)
တပ်မ (၃၃) အခြေစိုက်တဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ရုံးအတွင်းမှာ ဒီကနေ့ ဇွန် ၅ ရက်၊ မနက် ၁၀ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အယောက် ၂၀ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဖြစ်စဉ်အတွင်း လဝကဝန်ထမ်း အမျိုးသား သုံးယောက်၊ အမျိုးသမီး သုံးယောက်၊ ပြည်သူ အမျိုးသား ၂ယောက်၊ အမျိုးသမီး ‌၁၂ ယောက်၊ စုစုပေါင်း အယောက်၂၀ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ဗုံးက သက်ဆိုင်ရာအဖွဲ့တွေ သုံးသပ်တာတော့ ချိန်ကိုက်ဗုံးလို့ သုံးသပ်တာပေါ့နော်။ ဗုံးက စားပွဲခုံတခုံအောက်ကနေ စပြီး ကွဲတယ်လို့ သိရတယ်။ ဖြစ်တဲ့အချိန်က မနက် ၁၀ နာရီခွဲလောက်ဆိုတော့ ရုံးလုပ်ငန်း လည်ပတ်နေတဲ့အချိန်ပေါ့။ အဲဒီအချိန်က ပြည်သူ တော်တော်များများကလည်း အိမ်ထောင်စုဇယားတို့၊ မှတ်ပုံတင်တို့ ဆောင်ရွက်နေတဲ့အချိန်ပါ” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ ဒဏ်ရာရသူတွေဟာ စစ်ကိုင်းမြို့ ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး ဆေးကုသမှု ခံယူနေကြပြီး ၄​ယောက်က ပြင်းထန်တယ် ကျန်ဒဏ်ရာရသူတွေဟာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ စိုးရိမ်စရာမရှိပေမယ့် ခွဲစိတ်မှုတွေ ပြုလုပ်ပြီး ယမ်းပြန်ထုတ်ရမယ့် အနေအထားမျိုးလို့ သူက ပြောပါတယ်။
“အခု စစ်ကိုင်းရဲ့ လုံခြုံရေးအခြေအနေကလည်း အရင်ကထက်စာရင် ကောင်းနေပါတယ်။ ဒေသခံတွေလည်း အေးအေးလူလူ သွားလာနေကြတာပဲ။ အခုကတော့ ဘယ်လို ဖြစ်သွားတယ်တော့ မသိဘူးပေါ့။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ဘာသံမှမကြားတာ တော်တော်ကြာပြီ။ ဒီနေ့မှသာ ဖြစ်သွားတာ” လို့ သူက ပြောပါတယ်။
ခုရက်ပိုင်း အစိုးရရဲ့ ရက် ၁၀၀ စီမံချက်အရ မှတ်ပုံတင်​ပျောက်ဆုံး၊ အိမ်​ထောင်စုဇယားပျက်စီး၊ မှတ်ပုံတင်မရှိသူ​တွေ အသစ်လုပ်​ပေးတာ စတာ​တွေကို လုပ်​ပေး​နေတာ​ကြောင့် ဝန်ထမ်းအင်အားကို မနိုင်မနင်းဖြစ်​နေချိန် ခုလိုအကြမ်းဖက်လုပ်သွားတာလို့ တာဝန်ရှိသူ​တွေက မှတ်ချက်ပြုပါတယ်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် (တမခ – ၃၃) တည်ရှိကာ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတင်းကျပ်ပြီး စစ်ရေးအခြေအနေ မတည်မငြိမ်ဖြစ်နေတဲ့ မြို့တမြို့ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ