မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် PDF များကို အရင် ရှင်းရမည်ဟု အကြမ်းဖက်မင်းအောင်လှိုင်ပြောပြန်
ရန်ကုန်၊ ဇွန် ၄
အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်ကို ဆန့်ကျင်နေသော PDF များကို ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် အရင် ရှင်းရမည်ဖြစ်ကြောင်း အိန္ဒိယခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆိုသည်။
အိန္ဒိယနိုင်ငံအခြေစိုက် DD India သတင်းဌာနနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အကြမ်းဖက်မင်းအောင်လှိုင်က နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့နှင့်ပတ်သက်၍ လုပ်ဆောင်မည့် အခြေအနေများကို ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဖော်ဆောင်နိုင်ရန်အတွက် PDF တပ်ဖွဲ့များကို ပထမဆုံး ဦးစား ပေး ရှင်းလင်းသွားမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။
“ငြိမ်းချမ်းရေး ဘာကြောင့် မရှိလဲဆိုရင် သဘောထားကွဲလွဲမှုတွေ ဖြစ်လာတဲ့အတွက်ကြောင့် ငြိမ်း ချမ်းရေး မရှိတာ။ ကျနော်တို့ ကို ဆန့်ကျင်နေတဲ့ အဖွဲ့ ။ အကြမ်းဖက်တဲ့အဖွဲ့မှာ ၂ ပိုင်းရှိတယ်။ တစ်ခုကတော့ EAO တွေ၊ တစ်ခုကတော့ PDF တွေ ။ EAO ဆိုတာ Ethic Armed Organization (Ethnic Armed Organizations ကို မှားယွင်းပြောထားသည်) ၊ PDF ကတော့ People Defense Forces ပေါ့။ PDF ကတော့ နိုင်ငံရေး သဘောထားကွဲ လွဲမှုကြောင့် ၂၀၂၁ နောက်ပိုင်းမှာ ပေါ်လာတဲ့အဖွဲ့။ EAO ကတော့ လွတ်လပ်ရေးရပြီးကတည်းက သူတို့ရဲ့ တိုင်း ရင်းသားတွေနဲ့ပတ်သက်တဲ့ အကြောင်းအမျိုးမျိုးသော ကိစ္စတွေနဲ့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တာပေါ့။ ဒါကြောင့် ကျနော်တို့က နှစ်ပိုင်းခွဲပြီးကြည့်ရင်ပေါ့။ ပထမဆုံး ကျနော်တို့က PDF တွေကို ငြိမ်းချမ်းရေးရော လုံခြုံရေးအပိုင်းကော ကျနော်တို့ ဦးစားပေးပြီးတော့ ရှင်းမှာပေါ့” ဟု မင်းအောင်လှိုင်က ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်ပတ်သက်၍ ဖြစ်ချင်သည်များကို မပြောဘဲ ဖြစ်နိုင်သည်များကိုသာ ပြောကြရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
“ကျနော်တို့က EAO ကျတော့ ငြိမ်းချမ်းရေးကဏ္ဍကနေပြီးတော့ ဆွေးနွေးတာလည်း ကျနော်တို့များနေပါပြီ။ သူတို့ လိုလားချက်တွေလည်း မျိုးစုံပေါ့။ မျိုးစုံဖြစ်တော့ ဒါတွေကို ကျနော်တို့ကရှင်းရတာပေါ့။ လူကတော့ လူဆိုတာ လိုလားချက်ကတော့ အများကြီးပါပဲ။ ဒါပေမယ့် ဖြစ်ချင်တာတွေ လျှောက်ပြောနေမယ့်အစား ဖြစ်နိုင်တာတွေနဲ့ ဖြစ်သင့်တာတွေပဲ လုပ်တာက ကျနော်တို့ ပိုပြီးကောင်းတာပေါ့။ ခင်ဗျားလည်း ဖြစ်ချင်တာတွေ အများကြီးရှိမယ်။ ဟိုဟာလိုချင်တယ်။ ဒီဟာလိုချင်တယ်။ သို့သော်လည်း မဖြစ်နိုင်တာ သွားပြီးတော့ လုပ်လို့ရှိရင်လည်း မရဘူး။ ကျနော်တို့ဆီမှာ တိုင်းရင်းသား လူမျိုးပေါင်းများစွာရှိတယ်။ အဓိက တိုင်းရင်းသား ၈ မျိုးရှိတယ်။ တိုင်း ရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်ရှိတယ်။ “ဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။
တစ်ချိန်တည်းမှာပင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေး-တမူး လမ်းကြောင်း ပြန်ပွင့်ရေး မိုးမကျမီ လုပ်ဆောင်သွားမည်ဟု မင်းအောင်လှိုင်က ဆိုသည်။
“အိန္ဒိယ-မြန်မာနယ်စပ်ကနေရာတွေက တောတောင် ထူထပ်တယ်။ သွားရတာ အင်မတန်မှ ခက်ပါတယ်။ မိုးတွင်းဆိုရင် အင်မတန်မှ ခက်တယ်။ အဲဒီနေရာမှာ မိုးမကျခင် ကာလမှာတော့ လုံခြုံရေးအခြေအနေ တိုးတက်အောင် ဆောင်ရွက်သွားဖို့ ကြိုးစား ဆောင်ရွက်နေတယ်”ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။
မြန်မာ၊ ထိုင်းနှင့် အိန္ဒိယ သုံးနိုင်ငံကို ဆက်သွယ်မည့် မိုင်ပေါင်း ၈၀၀ ကျော် ရှည်လျားသော အဝေးပြေးလမ်းမကြီး စီမံကိန်းတွင် လက်ရှိ ထိုင်းနှင့် မြန်မာအကြား လမ်းကြောင်း အတော်များများ ပွင့် လင်းနေပြီး သွားလာမှုများ ရှိနေပြီ ဖြစ်ကြောင်း၊ လက်ရှိတွင် လုံခြုံရေးအခြေအနေအရ အချို့နေရာများ၌ အခက်အခဲများ ရှိနေသောကြောင့် အဆိုပါစီမံကိန်းကို ယာယီရပ်ဆိုင်းထားရသော်လည်း ယခုအခါ လုံခြုံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံ၏ အခြေအနေများကြောင့် ထိုဒေသများတွင် မတည်မငြိမ်မှုများ ရှိခဲ့သော် လည်း လက်ရှိတွင် စစ်တပ်က နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။