ထိခိုက်ဒဏ်ရာရသူများကို သာပေါင်းဘက်မှသယ်ထုတ်ပြီး ရခိုင်တောင်ပိုင်း ဝင်ပေါက်များကို ပိတ်ဆို့ရန် စစ်တပ်စီစဉ်နေ
ဧရာဝတီတိုင်းမ်
ဇွန် ၄ရက်



ဧရာဝတီတိုင်းအတွင်းရှိ ရေကြည်နှင့် သာပေါင်းအစပ်တွင် တိုက်ပွဲများပြန်လည်ပြင်းထန်လာနေပြီး စစ်တပ်ကအထိနာနေကာ ဒဏ်ရာရ စစ်တပ် တပ်ဖွဲ့ဝင်များကို ပုသိမ်ဘက်သို့ သယ်ထုတ်နေကြောင်း သိရသည်။
သာပေါင်းမြို့နယ်အတွင်းရှိ ငေါတောင်မှနေ၍ ထိခိုက်ဒဏ်ရာအပြင်းအထန် ရရှိနေသည့် စစ်သားများကို ဇွန် ၁ရက်နေ့တွင် ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ စစ်မြေပြင်ဆေးတပ်ရင်း မဆရ၄ ကို စစ်သုံးမော်တော်ယာဉ်ဖြင့် သယ်ထုတ်သွားကြောင်း သိရသည်။
”ဗိုလ်တွေ အရာရှိတွေကို အဓိကထား သယ်ထုတ်တယ်ပြောတယ်။ ပုသိမ်ကနေ မင်္ဂလာဒုံစစ်ဆေးရုံကိုပို့တာလည်းရှိတယ်” ဟု သာပေါင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် မေ ၂၆ရက်က ငေါတောင်တွင်လာရောက်တပ်စွဲသည့် စစ်တပ်က ဒေသခံများကို ငေါတောင်ဘက်ဖြတ်သန်းခွင့်မပြုတော့ဘဲ ညမထွက်ရန်ပါ တားမြစ်လိုက်သည်ဟု ဒေသခံများထံမှသိရသည်။
ရခိုင်တောင်ပိုင်းကို အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီနှင့် ရေလုပ်ငန်းသုံးပစ္စည်းများ သယ်ပို့ခွင့်ရနေသည်ဟုယူဆကာ ငေါတောင်နှင့် သာပေါင်း၊ ငသိုင်းချောင်းတလျောက် ပိတ်ဆို့လိုက်ခြင်းဖြစ်သည်။ ညောင်မှော်သောင်တန်းဘက်မှ ဖြန့်ကျက်ထွက်သည့် စစ်ကြောင်းမှာလည်း အထိနာနေသည့်အတွက် ငဝန်မြစ်အတွင်း စစ်သင်္ဘောများပါပို့ဆောင်လိုက်ပြီဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း နယ်မြေချင်းစပ် ဂွမြို့နယ်ဘက်မှ AAတပ်ဖွဲ့များ အင်အားအလုံးအရင်းနှင့် လှုပ်ရှားနေသည်ဟုဆိုကာ စစ်တပ်က အင်အားထပ်မံဖြည့်တင်းလာသည့်အတွက် ဧရာဝတီတိုင်းအတွင်း ထိတွေ့တိုက်ပွဲများ ဆက်၍ပြင်းထန်လာနိုင်သည့် အခြေအနေဖြစ်သည်။
ရေနံ့သာလမ်းဆုံ၊ ဗေဒါလမ်းကြောင်း၊ ကွင်းကောက်၊ နန်ကသူဆည် လမ်းကြောင်းများကိုပါ စစ်တပ်က လှုပ်ရှားဖြန့်ကျက်နေပြီး ရခိုင်တောင်ပိုင်းလမ်းပေါက်ကို အလုံးစုံပိတ်ဆို့ရန် ကြံစည်နေခြင်းဖြစ်သည်။