ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ- SCEF နှင့် ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံလွှတ်တော်အမတ်များအဖွဲ့က ကြေညာ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ- SCEF နှင့် ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံလွှတ်တော်အမတ်များအဖွဲ့က ကြေညာ
ရန်ကုန်၊ ဇွန် ၄
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ဆက်လက်ထိတွေ့ ပူးပေါင်းဆောင် ရွက် သွားမည်ဖြစ်ပြီး၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုကို တရားဝင်အစိုးရ အဖြစ် အသိအမှတ်မပြုကြရန် တိုက်တွန်းလိုက်သည်။
ဇွန်လ ၁ ရက်နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ် အစည်းအဝေးသို့ ပေးပို့သည့် သဝဏ်လွှာတွင် APHR က ထိုသို့ထည့်သွင်းတိုက်တွန်းလိုက်ခြင်းဖြစ်သည်။
APHR အနေဖြင့် တိုင်းရင်းသားလူမျိုးစုအသိုင်းအဝိုင်းများ၊ အမျိုးသမီးခေါင်းဆောင်များနှင့် အရပ်ဘက်လူ့ အဖွဲ့အစည်းများ၏ အသံများကို မြှင့်တင်ပေးလျက် အောက်ခြေမှအထက်သို့ တည်ဆောက်သော ဖက်ဒရယ်စနစ်ကို အစဉ်တစိုက် ထောက်ခံအားပေးလာခဲ့သောကြောင့် SCEF နှင့် ဆက်လက်ထိတွေ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ထောက်ခံအားပေးသွားမည်ဟု ကတိပြုထားသည်။
ထို့ပြင် SCEF ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံနှင့် ထိုက်တန်သည့် စည်းလုံးညီညွတ်မှုရှိသော၊ အားလုံးပါဝင်နိုင်သော၊ ပြည်သူကိုဗဟိုပြုသော ဖက်ဒရယ်ဒီမိုကရေစီစနစ်တစ်ရပ် ထူထောင်နိုင်ရေးအတွက် အဓိပ္ပာယ်ရှိသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေဆဲဖြစ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြီးအတွက် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိပြီး လက်ရှိတွင် လူပေါင်း ၂၂ သန်းကျော်သည် အကူအညီများ လိုအပ်လျက်ရှိကြောင်း၊ ၎င်းတို့မှာ ကိန်းဂဏန်းများမဟုတ်ဘဲ လူ့အသက်များဖြစ်ကြောင်း ထောက်ပြထားသည်။
ထို့ကြောင့် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအနေဖြင့် အရပ်သားများကို ကာကွယ်စောင့်ရှောက်ရေး၊ လူသားချင်းစာနာမှု အကူအညီများ လက်လှမ်းမီရရှိရေးနှင့် ပြစ်မှုကျူးလွန်မှုများအတွက် တာဝန်ခံမှုရှိစေရေးတို့ကို ဦးစားပေးဆောင်ရွက်ကြရန် ဆက်လက်တိုက်တွန်းသွားမည်ဟု ဆိုသည်။
ထို့ပြင် စစ်တပ်သည် ကျယ်ပြန့်သော အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများကြားတွင် အတုအယောင်ရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့ပြီးနောက်၊ ယခုအခါ ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းထံမှ တရားဝင်မှုရရှိရန် မိမိကိုယ်ကို အရပ်သားအစိုးရတစ်ရပ်အဖြစ် အသွင်ပြောင်းတင်ပြရန် ကြိုးပမ်းနေခြင်းအပေါ် အလွန်အမင်း စိုးရိမ်မိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
သေနတ်ဖြင့် ခြိမ်းခြောက်ချုပ်ကိုင်ထားသော အခြေအနေအောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲများသည် ပြည်သူလူထု၏ ဆန္ဒကို ကိုယ်စားမပြုနိုင်သလို၊ ယူနီဖောင်း ပြောင်းလဲဝတ်ဆင်လိုက်ခြင်းက အုပ်ချုပ်မှုစနစ် ပြောင်းလဲသွားသည်ဟု မဆိုလိုသောကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယင်းကြိုးပမ်းမှုများကို ငြင်းပယ်ကြရန်နှင့် စစ်တပ်ဦးဆောင်သော အစိုးရကို အသိအမှတ်မပြုကြရန် တိုက်တွန်းထားသည်။
APHR အနေဖြင့် မြန်မာပြည်သူလူထုကို မေ့ထားမည်မဟုတ်ဘဲ ပြည်သူလူထု၏ တရားဝင်ဥပဒေပြုရေးအသံအဖြစ် CRPH နှင့်အတူလည်းကောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်း သားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ စသည့် ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်တစ်ရပ် ပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသူအားလုံးနှင့်အတူ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များကို မြန်မာနိုင်ငံ၏ အမှန်တကယ် တရားဝင်ကိုယ်စားလှယ်များအဖြစ် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုခဲ့ခြင်းကို ဝမ်းမြောက်စွာ ကြိုဆိုကြောင်းနှင့် ဤသည်မှာ မည်သည့်အတုအယောင်လွှတ်တော်တစ်ရပ်ကမျှ ပြည်သူလူထု၏ စစ်မှန်သောဆန္ဒကို အစားထိုးနိုင်မည်မဟုတ်ကြောင်း ထင်ရှားစွာ ပြသလိုက်သည့် အရေးပါသော သင်္ကေတတစ်ခုဖြစ်ကြောင်းလည်း သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။