မင်းအောင်လှိုင်က တပ်ချုပ် ရဲဝင်းဦး၊ ဒုတပ်ချုပ်ကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီး အပါအဝင် စစ်ခေါင်း ဆောင်များကို သူ့လက်အောက်ခံများအဖြစ် ထည့်သွင်းပြီး အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသားလုံခြုံရေးအဖွဲ့ ထပ်မံ ဖွဲ့စည်း

မင်းအောင်လှိုင်က တပ်ချုပ် ရဲဝင်းဦး၊ ဒုတပ်ချုပ်ကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီး အပါအဝင် စစ်ခေါင်း ဆောင်များကို သူ့လက်အောက်ခံများအဖြစ် ထည့်သွင်းပြီး အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသားလုံခြုံရေးအဖွဲ့ ထပ်မံ ဖွဲ့စည်း
ရန်ကုန်၊ မေ ၃၁
အကြမ်းဖက် မင်းအောင်လှိုင်က တပ်ချုပ် ရဲဝင်းဦး၊ ဒုတပ်ချုပ်ကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီး ထွန်းအောင် အပါအဝင် စစ်ခေါင်းဆောင်များကို သူ့လက်အောက်ခံများအဖြစ် ထည့်သွင်းပြီး အမျိုးသားလုံခြုံရေးအဖွဲ့ ဖွဲ့စည်းထားသည်။
အကြမ်းဖက် မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတအဖြစ် ခန့်အပ်ပြီးနောက် ဧပြီလ ၂၁ ရက်နေ့တွင် အမျိုးသားလုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး တပ်ချုပ် ရဲဝင်းဦး၊ ဒုတပ်ချုပ်ကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီးထွန်းအောင်နှင့် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ကျော်ကိုထိုက်တို့ကို ၎င်း၏ လက်အောက်ခံများအဖြစ် ထည့်သွင်းထားလိုက်ခြင်းဖြစ်သည်။
အမျိုးသားလုံခြုံရေးအဖွဲ့တွင် မင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ၎င်း၏လက်အောက်တွင် စစ်ဘက်နှင့် အရပ်ဘက် ခေါင်းဆောင်များကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းဖွဲ့စည်းထားကာ အဖွဲ့ဝင်များအဖြစ်
ဒုသမ္မတ ၁ ညိုစော ၊ တပ်ချုပ် ရဲဝင်းဦး၊ ဒုတပ်ချုပ် ကျော်စွာလင်း၊ သမ္မတရုံးဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး ၊ ပြည်ထဲရေးဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊နယ်စပ်ရေးရာဝန်ကြီး၊ လ၀က ဝန်ကြီး၊ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် တို့ကို ထည့်သွင်းထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တည်ရှိပြီးသားဖြစ်သော်လည်း မင်းအောင်လှိုင်က ထပ်မံ၍ အမျိုးသားလုံခြုံရေးအဖွဲ့ဟု ဖွဲ့စည်းကာ စစ်ခေါင်းဆောင်များအားလုံးကို ထပ်မံ ချုပ် ကိုင်ထားခြင်းဖြစ်သည်။
အမျိုးသားလုံခြုံရေးအဖွဲ့ (NSB) က တာဝန်အနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး ၃ ပါးကို ဦးထိပ်ထားကာ နိုင်ငံ တော်၏ အခြေအနေအရပ်ရပ်ကို ဆောင်ရွက်နိုင်ရန်၊ အမျိုးသားလုံခြုံရေးတာဝန်များကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရမည်ဟု ဖော်ပြထားသည်။
ထို့ပြင် အမျိုးသားလုံခြုံရေးအဖွဲ့၏ နေ့စဉ်လုပ်ငန်းတာဝန်များကို ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ရုံးအဖွဲ့တစ်ခုကို ဖွဲ့စည်းထားရှိရမည်ဖြစ်ပြီး အဆိုပါရုံးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ကြီးကြပ်ကွပ်ကဲ၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အမျိုးသားလုံခြုံရေးအဖွဲ့ (NSB) ၏ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှု အရပ်ရပ်ကိုမူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ဘဏ္ဍာရေးအသုံးစရိတ် (Budget) မှ ကျခံသုံးစွဲသွားမည်ဖြစ် ကြောင်း သိရှိရသည်။