ဆောမြို့နယ်၊ ပုံတောင်နတ်ထိပ်တိုက်ပွဲ ဗိုလ်မှူး စိုင်းအောင်မောင်းအပါအဝင် စစ်သား ၈၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

ဆောမြို့နယ်၊ ပုံတောင်နတ်ထိပ်တိုက်ပွဲ ဗိုလ်မှူး စိုင်းအောင်မောင်းအပါအဝင် စစ်သား ၈၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ
ရန်ကုန်၊ မေ ၃၁
မကွေးတိုင်း၊ ဆောမြို့နယ်၊ ပုံတောင်နတ်ထိပ်တိုက်ပွဲတွင် ဗိုလ်မှူး စိုင်းအောင်မောင်းအပါအဝင် စစ်သား ၈၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း ယောတပ်တော် -YA နှင့် တော်လှန်ရေးသတင်းရင်းမြစ်ထံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၁၁ ရက်နေ့တွင် ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ထွက်လာသော အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်း နှင့် မေလ ၂၂ ရက်နေ့တွင် ထပ်မံထွက်လာသော အင်အား ၉၀၀ ၊ စစ်ယာဉ်တန်းများပါဝင်သည့် စစ် ကြောင်းများကို ဆောမြို့နယ်၊ ပုံတောင်နတ်ထိပ်အရောက် မေလ ၁၃ ရက်နေ့မှစတင်ပြီး ယနေ့အထိတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ အ ကြိမ် ၁၀၀ ထက်မနည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး စိုင်းအောင်မောင်းအပါအဝင် ၈၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိကာ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားကြောင်း၊ ထို့အပြင် တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှလည်း အသက်စွန့်လွှတ်ပေး ဆပ်ရသော အာဇာနည်သူရဲကောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။
“တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နေတုန်းပဲ၊ ဒါက ပေါက်က ကပစ ၂၄ ကနေ ကျောက်ထုကို တက်မယ့်စစ်ကြောင်းပါ။ ကျောက်ထုနဲ့ ပုံတောင်ကြားမှာ ဖြစ်တဲ့ တိုက်ပွဲပါ။ အဲဒီတိုက်ပွဲမှာက ဗိုလ်မှူးစိုင်းအောင်မောင်းသေတယ်။ သူက ဒဏ်ရာရပြီး ကျောက်ထုကနေ လေယာဉ်နဲ့ မိတ္ထီလာကို သယ်တာ။ မိတ္ထီလာဆေးရုံရောက်တော့သေတယ်။ ကျန်တဲ့စစ်ကြောင်းတွေနဲ့လည်း တိုက်ပွဲတွေဖြစ်နေတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
တိုက်ပွဲများဖြစ်ပွားနေစဉ် ကာလတစ်လျှောက် စစ်ကောင်စီ စစ်ကြောင်းများက အပြစ်မဲ့အရပ်သား ပြည်သူများအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်၍ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း ၊ ကျေးရွာများအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများအား ခိုးယူခြင်း ၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း ၊ လေ ကြောင်းဖြင့် စစ်ဘေးရှောင်နေရာများသို့ အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခြင်း စသည့်လူမဆန်သော လုပ်ရပ်များနှင့် အတူ ယုတ်မာရိုင်းစိုင်းစွာ စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်း ပြုလုပ်ခဲ့ ကြောင်း အသိပေးထားသည်။
ထို့ကြောင့် ယောတပ်တော် (YA) အနေဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ၊ ယောဒေသ နှင့် မြန်မာတစ်နိုင်ငံလုံးလွတ်မြောက်ရေးအတွက် ရွပ်ရွပ်ချွံချွံဖြင့်အစွမ်းကုန် တိုက်ပွဲဝင်သွားမည် ဖြစ် ကြောင်း ထုတ်ပြန်ထား သည်။
တိုက်ပွဲများဆက်လက်၍ ပြင်းထန်လာနိုင်သည့်အတွက် တော်လှန်ပြည်သူလူထုများအနေဖြင့် ကြို တင်ပြင်ဆင်ထားကြရန်၊ မိမိတို့ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ် ဆက်ပူးပေါင်း ဆောင်ရွက်ကြရန် ဆက်လက်၍ တိုက်တွန်းနှိုးဆော်ထားသည်။
ဓာတ်ပုံ – ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက ထီလင်းမြို့နယ်တိုက်ပွဲအတွင်း ဖမ်းမိခဲ့သော စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ