အိန္ဒိယနိုင်ငံ၊ ရာဂျက်စ်သန်ပြည်နယ်ရဲ့ အစိတ်အပိုင်းအတော်များများကို သဲမုန်တိုင်းတခု မေ ၃၀ ရက်က အကြီးအကျယ် တိုက်ခတ်ခဲ့ပါတယ်။
အနောက်ဘက် လေပွေကြောင့် အိန္ဒိယမြောက်ပိုင်းရဲ့ အစိတ်အပိုင်းအများစုမှာ မိုးရွာသွန်းခဲ့ပြီးတဲ့နောက်မှာ ခုလို သဲမုန်တိုင်းတိုက်တာ ဖြစ်ပါတယ်။
သဲမုန်တိုင်းဟာ ချူရူ၊ ဘီခါနာ၊ ဟာနုမန်ဂါ၊ စရီဂန်ဂါ့နာဂါ၊ နာဂေါ၊ ဒစ်ဝါနာ ကူချာမန်၊ အယ်လ်ဝါနဲ့ စီခါ ခရိုင်တွေကို ထိခိုက်စေခဲ့ပြီး ဂျိုင်ပူရ်မြို့မှာတော့ လေပြင်းတိုက်ခတ်ပြီးတဲ့နောက် မိုးရွာခဲ့တာပါ။
ဖုန်မှုန့်နဲ့ သဲမှုန်တွေဟာ မြို့တွေ အများကြီးကို ဖုံးလွှမ်းခဲ့ပြီး မြင်ကွင်းကို မြင်နိုင်စွမ်းက သုညအထိ လျော့ကျခဲ့ပါတယ်။ မော်တော်ယာဉ်မောင်းတွေဟာ နေ့ခင်းဘက်မှာ မီးတွေဖွင့်ပြီး မောင်းခဲ့ရတာပါ။
လေတိုက်နှုန်းတွေက ဟာနုမန်ဂါနဲ့ စရီဂန်းဂါ့နာဂါဒေသတွေမှာ တနာရီ ၅၆ ကီလိုမီတာလောက်အထိ တိုက်ခတ်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ မိုးရွာသွန်းခြင်းတို့ ဖြစ်ပေါ်မယ်လို့ အိန္ဒိယ မိုးလေဝသဌာန (IMD) က ခန့်မှန်းထားလို့ စနေနေ့မှာ အနီရောင်နဲ့ လိမ္မော်ရောင်သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။
မြို့တော် ဒေလီရဲ့ အစိတ်အပိုင်းတချို့ကိုလည်း သဲမုန်တိုင်း တိုက်ခတ်ခဲ့တာပါ။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ အနောက် မြောက်ပိုင်းနဲ့ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်း တွေမှာ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးနည်းနည်းကနေ အသင့်အတင့်ရွာသွန်းခြင်းတို့နဲ့ အတူ ဖုန်မုန်တိုင်းတခု တိုက်ခတ်နိုင်ခြေ အလွန်များနေတယ်လို့ မိုးလေဝသရုံးက ဆိုပါတယ်။
လေတိုက်နှုန်းကလည်း တနာရီကို ၇၀ ကနေ ၉၀ ကီလိုမီတာအကြားရှိနိုင်ပြီး တနာရီကို ၁၀၀ ကီလိုမီတာအထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters