စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှတွင် အစုတ်ပြတ်ဆုံးနိုင်ငံအဆင့်သို့ ရောက်ရှိနေရဟု AA ပြော
ရန်ကုန်၊ မေ ၃၁
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် အရှေ့တောင်အာရှ၌ အစုတ်ပြတ်ဆုံး နိုင်ငံအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) က ယနေ့တွင် ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်သည်။
ယနေ့ မေလ ၃၁ ရက်နေ့တွင် ကျရောက်သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်းထူထောင်ခြင်း ၅ နှစ်ပြည့်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ULA/AA က ထိုသို့ ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီက နိုင်ငံ့အာဏာနှင့် ပြည်သူ့အာဏာတို့ကို လက်နက်အားကိုးဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အတင်းအဓမ္မ သိမ်းယူခဲ့သည်။ ယင်းနောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ တိုင်း ရင်းသားလူမျိုးပေါင်းစုံတို့သည် အာဏာသိမ်းမှုကို ဆန့်ကျင်ကာ စစ်ကောင်စီအား ရရာလက်နက်၊ နည်းလမ်းပေါင်းစုံဖြင့် ခုခံကာကွယ်သည့် တော်လှန်စစ်ကို ဆင်နွှဲခဲ့ကြသည်။ အကြမ်းမဖက် ဆန္ဒပြတောင်းဆိုသော နည်းလမ်းဖြင့် ဘယ်သောအခါမှ ရလိမ့်မည်မဟုတ်ဆိုသည်ကို အကြွင်းမဲ့ သဘောပေါက် နားလည်လာကြသည့်အတွက်လည်း တစ်နိုင်ငံလုံးရှိ လူငယ်အပေါင်းတို့သည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
ယခုဆိုလျှင် လက်နက်ကိုင်တော်လှန်ရေးကာလသည် ငါးနှစ်ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည့်အလျောက် မြန်မာနိုင်ငံသည်လည်း အဆိုးဝါးဆုံး ပြည်တွင်းစစ်ကို ကြုံတွေ့နေရကာ အရှေ့တောင်အာရှ နိုင်ငံများတွင် အစုတ်ပြတ်ဆုံးနိုင်ငံအဆင့်သို့ ရောက်ခဲ့ရသည်။
ထို့အပြင် အချို့သော ပြည်သူ့ကာကွယ်ရေးနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် တော်လှန်ရေးအတွင်း ဆက်လက် မရပ်တည်နိုင်ကြတော့ဘဲ ရန်သူ့ထံ လက်နက်ချသွားကြသည့်အဖွဲ့များ၊ တော်လှန်ရေးပြေးလမ်းပေါ်မှ လွင့်စဉ်သွားခဲ့ကြသည့်အဖွဲ့များ ရှိခဲ့သည်။ နည်းတူ စစ်အာဏာရှင်တို့ကို နောက်မဆုတ်စတမ်း ကြံ့ကြံ့ခံသော စိတ်ဓာတ်များဖြင့် ဆက်လက်တွန်းလှန် တိုက်ခိုက်နေကြသည့်အဖွဲ့များ၊ ဖက်ဆစ်အကြမ်းဖက်တပ်ဖွဲ့များ ထိန်းချုပ်ခဲ့သော မြို့များကို သိမ်းပိုက်ထားသည့်အဖွဲ့များလည်းရှိခဲ့ပြီး တော်လှန်ရေးအရှိန်သည် ဆက်လက်ရွေ့လျားလျက်ရှိကြောင်း ULA/AA က ဆိုသည်။
လက်ရှိအချိန်အထိ တော်လှန်နေကြသော အဖွဲ့အစည်းများထဲတွင် တက်ကြွပြီး ရဲရင့်သောလူငယ်များနှင့် စုဖွဲ့ထူထောင်ခဲ့သည့် KNDF ၏ ငါးနှစ်တာကာလအတွင်း တော်လှန်ရေး၏ ဆူကြုံနိမ့်မြင့် လောကဓံအတက်အကျနှင့် ဆင်းရဲဒုက္ခမျိုးစုံတို့ကို ကရင်နီပြည်သူလူထုတစ်ရပ်လုံး ခံစားခဲ့ကြရသည်။ စစ်အာဏာရှင်စနစ်ကို မလိုလားသော မြန်မာပြည်သူလူထုတစ်ရပ်လုံးသည်လည်း နေရာဒေသမတူသော်လည်း ဖက်ဆစ်တပ်၏ အကြမ်းဖက်မှုမျိုးစုံကို တူညီစွာ ခံစားခဲ့ကြရပြီးဖြစ်ကြောင်း AA က ပြောဆိုထားသည်။
ကရင်နီလူမျိုးများနှင့် ဒေသတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးတို့အတွက် KNDF သည် ငါးနှစ်တာကာလအတွင်း ကရင်နီဒေသနှင့် ရှမ်းမြောက်အပါအဝင် နေရာအချို့တို့တွင် မိတ်ဖက်မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့သည်။ ယခုအခါ ကရင်နီဒေသအတွင်းရှိ မြို့ကြီး၊ မြို့ငယ်အချို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကာ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားဖြင့် လည်ပတ်နိုင်ခဲ့ပြီဖြစ်သည်။
KNDF ၏ ငါးနှစ်တာ ကရင်နီတော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေးနှင့် ဘဝပေါင်းများစွာ ပေးဆပ်စွန့်လွှတ်ခဲ့ကြရသော ကရင်နီပြည်သူလူထု၊ ကရင်နီသူရဲကောင်းများနှင့် တော်လှန်ရေးရဲဘော်များ၏ ပေးဆပ်မှုတိုင်းကို လေးနက်စွာ တန်ဖိုးထား အသိအမှတ်ပြုကြောင်းနှင့် ကရင်နီပြည်သူလူထုတစ်ရပ်လုံးနှင့် KNDF က မျှော်မှန်းထားသော စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များ အချိန်တိုအတွင်း အမြန်ဆုံးပြည့်မြောက်နိုင်ပါစေကြောင်း ULA/AA က ဆုမွန်ကောင်းတောင်းပေးထားသည်။