KIO၊ KNU၊ CNF၊ ကရင်နီနှင့် NUG တို့ပါဝင်သော ဖက်ဒရယ်ဦးဆောင်ကောင်စီက အာဆီယံနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး ကနေဒါ၊ ဥရောပသမဂ္ဂ၊ တရုတ်နှင့် အိန္ဒိယတို့နှင့်ပါ ချိတ်ဆက်သွားမည်

KIO၊ KNU၊ CNF၊ ကရင်နီနှင့် NUG တို့ပါဝင်သော ဖက်ဒရယ်ဦးဆောင်ကောင်စီက အာဆီယံနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး ကနေဒါ၊ ဥရောပသမဂ္ဂ၊ တရုတ်နှင့် အိန္ဒိယတို့နှင့်ပါ ချိတ်ဆက်သွားမည်
ရန်ကုန်၊ မေ ၂၇
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီပြည်သူ့ရင်ခွင့်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းပါဝင်သည့် “ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” (SCEF) အနေဖြင့် လက်ရှိတွင် အာဆီယံအဖွဲ့ကြီးနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး ရှေ့ဆက်၍ ကနေဒါ၊ ဥရောပသမဂ္ဂ (EU)၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့နှင့်ပါ ဆက်လက်ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ထုတ်ဖော်ပြောဆိုလိုက်သည်။
ရန်ကုန်ခေတ်သစ်သတင်းဌာန၏ “ပြည်သူမှ ပြည်သူသို့” တွေ့ဆုံမေးမြန်းခန်းအစီအစဉ်တွင် ဒေါက်တာဇော်ဝေစိုးက ၎င်းတို့အင်အားစုများ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အထက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၂၆ ခုနှစ် မတ်လအတွင်းက “ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” (SCEF) ကို တရားဝင်ဖွဲ့စည်းခဲ့ပြီးနောက်၊ လက်ရှိတွင် အဓိကကဏ္ဍကြီး ၄ ခု၌ တော်လှန်ရေးအင်အားစုများအားလုံး တစ်စုတစ်စည်းတည်း၊ တစ်သံတည်းဖြင့် လုပ်ငန်းများ ဆောင်ရွက်နေရာတွင် နိုင်ငံခြားရေး ကဏ္ဍတွင်လည်း SCEF က အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက SCEF ဖွဲ့စည်းပြီးနောက်ပိုင်း နိုင်ငံတကာဆက်ဆံရေးကဏ္ဍတွင် ပိုမိုစုစည်း ညီညွတ်လာနေကြောင်း ရှင်းပြသည်။
” နိုင်ငံခြားရေး ဆိုရင်လည်း အရင်တုန်းက NUG နိုင်ငံခြားရေးလုပ်သလို တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း နိုင်ငံခြားရေး လုပ်တော့ နှစ်သံ၊ သုံးသံ ထွက်သလိုဖြစ်နေတယ်။ အခုဆိုရင် တကယ်တမ်း ဒါစုစည်းမှုနဲ့ တစ်သံတည်း ထုတ်နိုင်ခဲ့တယ်။ တစ်သံတည်းညီနိုင်ခဲ့တယ်။ SCEF အနေနဲ့ တစ်သံတည်းထုတ်ပြီးတော့ အာဆီယံထိပ်သီးအစည်းအဝေးကို စာပို့နိုင်ခဲ့တဲ့အတွက် အာဆီယံအပေါ်မှာ SCEF ဖွဲ့စည်းမှုရဲ့ အကျိုးသက်ရောက်မှု ရရှိခဲ့တယ်လို့ ကျနော်တော့ မြင်တယ်”ဟု ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။
ထို့အပြင် လက်ရှိတွင် SCEF အနေဖြင့် အာဆီယံထံသို့ တော်လှန်ရေးအင်အားစုများဘက်မှ ပူးပေါင်းဆောင်ရွက်ချက်များနှင့် အင်အားပြောင်းလဲမှု အခင်းအကျင်း (Input) များကို တရားဝင်ပြသနိုင်ခဲ့ခြင်းကြောင့် အာဆီယံအဖွဲ့ကြီး၏ ရပ်တည်ချက် လမ်းကြောင်းလွဲမသွားစေရန် ထိန်းသိမ်းမှု ပြုလုပ်နိုင်ခဲ့သည်ဟု ၎င်းက ထည့်သွင်းပြောဆိုသည်။
SCEF ၏နိုင်ငံတကာဆက်ဆံရေးအဖွဲ့က ရှေ့ဆက်၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ပိုမိုအားကောင်းသည့် မဟာမိတ်ပြုမှုများ ဆက်လုပ်ရန် ပြင်ဆင်နေကြောင်းလည်း ၊ မကြာမီကာလအတွင်း ကနေဒါနိုင်ငံ၌ SCEF ကိုယ်စားပြုအဖြစ် တွန်းအားပေးလှုပ်ရှားမှု (Canada Advocacy) လုပ်ဆောင်ရန်ပြင်ဆင်နေကြောင်း ၎င်းက ရှင်းပြသည်။
ယခင်က NUG တစ်ဖွဲ့တည်းအနေဖြင့် နိုင်ငံတကာကို ချိတ်ဆက်ခဲ့ရာမှ ယခုအခါတွင်မူ မဟာမိတ် တိုင်းရင်းသားအဖွဲ့အစည်းများအားလုံး စုစည်းထားသည့် SCEF အနေဖြင့် ဥရောပသမဂ္ဂ (EU) နှင့်ပါ ပိုမိုအားကောင်းစွာ ချိတ်ဆက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ စုစုစည်းစည်း လုပ်ဆောင်နိုင်ခြင်းကြောင့် မြေပြင်အခြေအနေမှန်ကို ပိုမိုထိရောက်စွာ သုံးသပ်တင်ပြနိုင်ပြီး စစ်ကောင်စီအပေါ် နိုင်ငံတကာဖိအားများ ပိုမိုပေးနိုင်မည်ဟု မျှော်မှန်းထားသည်။
တစ်ချိန်တည်းမှာပင် မြန်မာ့အရေးနှင့် ပတ်သက်၍ ဝေဖန်ထောက်ပြနေသူများကို ရှင်းလင်းသည့်အနေဖြင့် အိမ်နီးချင်းအင်အားကြီးနိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့်ပါ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် SCEF အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရှင်းပြသည်။
“အရင်တုန်းကဆိုရင် NUG အနေနဲ့ ချိတ်တာ။ အခုက SCEF အနေနဲ့ အားကောင်းကောင်းနဲ့ စုစုစည်းစည်း ကျနော်တို့ အခြေအနေအမှန်ကို သုံးသပ်နိုင်တယ်။ ပေးပို့နိုင်တယ်။ ပိုပြီးတော့ ဖိအားတွေ ပေးနိုင်တယ်။ အလားတူ တရုတ်ဆိုရင်လည်း သူတို့သာ တွေ့မယ်ဆိုရင်လည်း SCEF အနေနဲ့ တရုတ်နဲ့တွေ့ဖို့၊ အိန္ဒိယနဲ့တွေ့ဖို့ ပြင်ဆင်နေတယ်” ဟု ၎င်းက ဆိုသည်။
၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို ဖွဲ့ စည်း ခဲ့ခြင်းဖြစ်ပြီး KIO ၊ KNU ၊ CNF ၊ KARENNI ၊ CRPH နှင့် NUG တို့ပါဝင်သည်။