ငါ့သရောက်ရှိ အင်အား ၃၀၀ပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များ စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်နိုင်ခဲ့၊ စစ်သားနှင့်ပျူစောထီး ၂၁ ဦးသေကာ ၅၀ ကျော် ထိခိုက်ဒဏ်ရာရ
မေ ၂၇၊ ၂၀၂၆








မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်နယ်မြေမှာ အင်အား ၃၀၀ပါ အကြမ်းဖက်စစ်တပ်ကိုအနီးကပ် တိုက်ခိုက်ရာက စစ်သားနဲ့ပျူစောထီး ၂၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားသူတွေ အများအပြားရှိခဲ့တယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကိုဇီးက မောင်းကိုပြောပါတယ်။
ညောင်ဦးမြို့နယ်၊ ငါ့သရောက်နယ်မြေအတွင်း နေရာ ၃ ခုခွဲဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေကလက်ဦးမှုရယူပြီး အနီးကပ် ဖြတ်တောက်တိုက်ခိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က စစ်ကြောင်းတစ်ခုလုံးပျက်သွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့မနက်ပိုင်းက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို ဖလန်ကန်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေက စတင်တိုက်ခိုက်ခဲ့တာကြောင့် ၂နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်သားနဲ့ပျူစောထီး ၁၇ ဦး သေဆုံးကာခြေပြတ်လက်ပြတ်နဲ့ ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိုထိခိုက်သေဆုံးသူတွေထဲတချို့ကို ချောဆွဲထားတဲ့ အရပ်သားကားတွေနဲ့တင်ဆောင်ပါ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းမှာရှိတဲ့ဆေးရုံတွေကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တချို့ကိုလည်း နီးစပ်ကျေးရွာတွေမှာ ဆေးမြီးတိုနဲ့ ရမ်းသမ်းကုသခဲ့ရတာကြောင့် အဲဒီထဲက ၄ ဦးထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။
“စခဘက်က သုံးကြောင်း မြှားခေါင်း ပုံစံထိုးလာတာ။ နှစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ခဲ့တာပါ။ နောက်ပြီးသူတို့က အပေါ် ကလည်း ဒရုန်းတွေ နဲ့ တိုက်တယ်။ မြေပြင်ကလည်း စစ်ကြောင်းထိုးတယ်ပေါ့။ ဒါတောင် ဒီကောင်တွေထွက်ပြေးတာ ၂၀ ကျော်ပါမယ်” လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကိုဇီးက မောင်းကိုပြောပါတယ်။
အကြမ်းဖက်စစ်ကြောင်းတွေကို ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပုဂံ-ဘီလူး)နဲ့အတူ ညောင်ဦးခရိုင် တပ်ရင်း ၁၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ ညောင်ဦးခရိုင်အထူးတိုက်ခိုက်ရေး၊ Popa Production and Guerrila Force (PPGF)၊ People Democratic Army(PDA)၊
ငါ့သရောက်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပုဂံကြီးအဖွဲ့) နဲ့ ညောင်ဦးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မိုးမခ ပျောက်ကျားတပ်) တို့က အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာလို့လည်းသိရပါတယ်။
အထိနာသွားတဲ့အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားရာနေရာအနီးက ကူတောကျေးရွာကိုရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၃၀၀နီးပါး မီးလောင်ပျက်စီးသွားပြီး အကူအညီတွေလိုအပ်နေကြောင်း ညောင်ဦးမြို့နယ်ပကဖတာဝန်ခံ ကိုဇီးကဆိုပါတယ်။
လက်ရှိမှာလည်း အကြမ်းဖက်စစ်ကြောင်းတွေဟာ ညောင်ဦးမြို့နယ်အတွင်းကမထွက်ခွာသေးပဲ ထိခိုက်ဒဏ်ရာရထားသူတွေကို လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
ပုံစာ – ညောင်ဦးမြို့နယ် ပကဖထုတ်ပြန်ထားသည့် တိုက်ပွဲပုံရိပ်များ။