ရေးဘီလူးစခန်း ဗုံးကြဲခံရပြီး ထိခိုက်‌သေဆုံးမှုများ

ရေးဘီလူးစခန်း ဗုံးကြဲခံရပြီး ထိခိုက်‌သေဆုံးမှုများ
မေ ၂၇၊ ၂၀၂၆

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် လှုပ်ရှားတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့ရဲ့ စခန်းနေရာကို စစ်အုပ်စုတပ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မေလ ၂၇ ရက်၊ ဒီနေ့မနက်အစောပိုင်းမှာ ရေးမြို့နယ်၊ ချောင်းဖျား၊ ကမွန်းရွာအနောက်ဘက်ကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ ဦးဝန်းကျင်ထိခိုက်သေဆုံးပြီး စခန်းတခုလုံးက အဆောက်အအုံတွေလည်း ပျက်စီးသွားတယ်လို့ ကနဦးသိရပါတယ်။
“လောလောဆယ်သိရတာက ပေါင် ၅၀၀ ဗုံး ၃လုံး ကြဲချသွားတာ။ စခန်းနေရာကို ကျတာ။ ထိခိုက် ၂၀ ဝန်းကျင် ဒဏ်ရာပြင်းတယ်၊ သေဆုံးတာက ၁၀ ဦး ဝန်းကျင်ရှိတယ်။ ဒီလောက်ပဲ ပြောလို့ရဦးမယ်” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
စစ်တပ်လော်ဘီတယ်လီဂရမ် ချန်နယ်တွေမှာတော့ ရေးဘီလူး တပ်စခန်းနေရာကို အတိအကျ သတင်းပေးလာတာကြောင့် လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်းဟာလည်း သေဆုံးသွားပြီဖြစ်တယ်လို့ ဝါဒဖြန့်ဖော်ပြနေကြပါတယ်။
ဒါပေမဲ့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်ကတော့ ဒီနေ့နေ့လယ်ပိုင်းမှာ သူရဲ့ လူမှုကွန်ရက် facebook ကနေ “ဒီနေ့မင်းတို့ပြုံးပါ၊ ကျန်တဲ့နေ့တွေမှာငါတို့အပြုံးပဲနော် (မအလ)” ဆိုတဲ့ စာသားနဲ့ အတူ စခန်းရဲ့ လက်ရှိအခြေအနေ ဓာတ်ပုံတွေကို အသိပေးထုတ်ပြန်ထားပါတယ်။
ပုံစာ – ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများနှင့် ထိခိုက်ပျက်စီးမှုများ။