မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များ အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မရ၍ အာဆီယံနိုင်ငံတချို့က မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေဟု အကြမ်းဖက် စစ်တပ်က ဒေါသတကြီး တုံ့ပြန်

မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များ အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မရ၍ အာဆီယံနိုင်ငံတချို့က မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေဟု အကြမ်းဖက် စစ်တပ်က ဒေါသတကြီး တုံ့ပြန်
ရန်ကုန်၊ မေ ၁၁
အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များ အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မရ၍ အာဆီယံနိုင်ငံတချို့က မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေဟု အကြမ်းဖက် စစ်တပ်က ဒေါသတကြီး တုံ့ပြန်သည်။
ယမန်နေ့ ညပိုင်း အကြမ်းဖက်စစ်တပ်က အာဆီယံတွင် ပိတ်ပင်ခံနေရခြင်းနှင့်ပတ်သက်၍ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ၎င်းတို့သည် ပြည်သူများရွေးချယ်သည့် အစိုးရတစ်ရပ် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အာဏာရအစိုးရက မဲမသမာမှု ၁၁ သန်းကျော် ပြုလုပ်ခဲ့သဖြင့် ဥပဒေနှင့်အညီ အရေးယူခဲ့ရခြင်းဖြစ်ပြီး၊ အဂတိကျူးလွန်သူများကိုလည်း တရားရုံးက ပြစ်ဒဏ်စီရင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့်သာ ရွေးကောက်ပွဲအသစ်ကို ပြန်လည်ကျင်းပခဲ့ရခြင်းဖြစ် ကြောင်း အကြမ်းဖက်စစ်တပ်က လိမ်လည် ဝါဒဖြန့်ထားသည်။
စစ်တပ်၏ ကြေညာချက်တွင် ဖော်ပြနေသော အကြောင်းအရာမှာ ၂၀၂၁ ခုနှစ်တွင် လူထုရွေးကောက်ထားသော အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့်အပေါ် စစ်တပ်က ပေးနေကျ ဆင်ခြေများသာ ဖြစ်ပြီး ထပ်ကာထပ်ကာ ပြောဆိုနေသော်လည်း နိုင်ငံတကာနှင့် အာဆီယံက လက်ခံခြင်းမရှိပေ။
မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုများကို အာဆီယံနိုင်ငံအများစုက နားလည်သော်လည်း နိုင်ငံအနည်းငယ်ကမူ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံခြင်းနှင့် တန်းတူကိုယ်စားပြုခွင့်ကို ချန်လှပ်ထားခြင်းများ ဆက်လက်လုပ်ဆောင်နေကြောင်း အကြမ်းဖက် စစ်တပ်က တုံ့ပြန်ထားသည်။
ယင်းသို့ ပြုလုပ်ခြင်းသည် အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို ဖောက်ဖျက်ကာ အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် ဖိအားပေးခြင်းများဖြစ်သည်ဟု အကြမ်းဖက်စစ်တပ်က ဒေါသတကြီး ထပ်မံ တုံ့ပြန်ပြောဆိုထားသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစ၍ အာဆီယံအဖွဲ့ဝင်အဖြစ် တာဝန်ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အာဆီယံယန္တရားများအတွက် နှစ်စဉ်ထည့်ဝင်ငွေများကိုလည်း ပေးဆောင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ၅ နှစ်တာအတွင်း ခွဲခြား ဆက်ဆံမှုများကို စိတ်ရှည်သည်းခံခဲ့သော်လည်း အခုကဲ့သို့ စစ်တပ်က ခန့်အပ်ထားသည့် အစိုးရသစ်လက်ထက်တွင်ပါ ဆက်လက်ကန့်သတ်နေခြင်းသည် မဲပေးခဲ့သည့် ပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုရာရောက်ကြောင်း ဆိုထားသည်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တူညီဆန္ဒ မရရှိသေးသော်လည်း မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအချင်းချင်း ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း၊ မိမိတို့အား ထောက်ခံပေးသည့် အာဆီယံနိုင်ငံများကို ကျေးဇူးတင်ရှိပြီး နောင်တွင်လည်း အာဆီယံ၏ ဖိအားပေးမှုများကို ဂရုမစိုက်ဘဲ မိမိတို့ကိုယ်ပိုင်လုပ်ငန်းစဉ် (Myanmar-led, Myanmar-owned process) ဖြင့်သာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြမ်းဖက်စစ်တပ်က ထုတ်ပြန်ကြေညာသည်။
ကုလသမဂ္ဂကလည်း အကြမ်းဖက် မင်းအောင်လှိုင်ကို သမ္မတအဖြစ် အသိအမှတ်မပြုဘဲ မြန်မာနိုင်ငံတော်၏ သမ္မတအဖြစ် သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်ဟု ကုလသမဂ္ဂ၏ ကမ္ဘာ့နိုင်ငံများ အကြီးအကဲစာရင်း တွင် ဆက်လက်ဖော်ပြထားသည်။