စစ်သားဘဝသည် ရခဲသဖြင့် ကြိုးစားကြရန် မင်းအောင်လှိုင်လက်သစ် ကာချုပ်ရဲဝင်းဦးပြော

စစ်သားဘဝသည် ရခဲသဖြင့် ကြိုးစားကြရန် မင်းအောင်လှိုင်လက်သစ် ကာချုပ်ရဲဝင်းဦးပြော
မေလ ၁၀၊ ၂၀၂၆

စစ်သားဘဝက ရခဲတာကြောင့် ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်ကြဖို့နဲ့ ရာထူး၊ ဥစ္စာဆိုတာ လုပ်ယူလို့ မရဘဲ ကြိုးစားအားထုတ်မှုကြောင့်သာ ရနိုင်ကြောင်း မင်းအောင်လှိုင်ရဲ့ ကာချုပ်ရာထူးနေရာကို အသစ်ရောက်လာတဲ့ ရဲဝင်းဦးက ပြောကြားခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်း မေလ ၉ ရက်၊ မနေ့က ကျင်းပခဲ့တဲ့ စစ်အုပ်စုတပ်သားတွေ၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ရဲဝင်းဦးက အခုလို ပြောကြားခဲ့တာပါ။
စစ်သားဘဝဟာ ရခဲတာကြောင့် ကြိုးစားကြဖို့နဲ့ ဇနီး၊ မယားတွေအနေနဲ့လည်း ဂုဏ်ယူစွာနဲ့ ပါရမီဖြည့်ဖို့ သူက ပြောခဲ့ပါသေးတယ်။
ဒါ့အပြင် စစ်သည်တွေဟာ သစ္စာရှိဖို့ အထူးလိုအပ်ပြီး သစ္စာပျက်ရင် ဘေးအန္တရာယ်ဖြစ်မယ်လို့လည်း တစ်နိုင်ငံလုံးအနှံ့ အရပ်သားတွေကိုအကြမ်းဖက်သတ်ဖြတ်နေတဲ့ ကာချုပ်အသစ်က လက်အောက်ခံတပ်သားတွေကို ပြောပါတယ်။
ဒါပေမဲ့ ဒီသစ္စာရှိဖို့ဆိုတာဟာ စစ်အရာရှိကြီးတွေရဲ့ကောင်းစားရေးအပေါ်မှာလား စစ်သည်တော်ကျင့်ဝတ်ထဲမှာပါတဲ့ ပြည်သူလူထုအပေါ်မှာလားဆိုတာကိုတော့ ထည့်သွင်းပြောကြားသွားတာ မရှိပါဘူး။
အကြမ်းဖက်စစ်ခေါင်းဆောင်တွေနဲ့ လက်အောက်ခံစစ်တပ်အရာရှိတွေ၊ တပ်သားတွေရဲ့လုပ်ဆောင်ချက်တွေကတော့ ပြည်သူလူထုကိုရန်သူလိုသဘောထားပြီး တိုက်ခိုက်တာနဲ့ ပြည်သူတွေရဲ့ပိုင်ဆိုင်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာတွေဖြစ်နေတာပါ။
တော်လှန်ရေးအင်အားစုတွေဘက်ကတော့ တပ်ချုပ်အသစ်နဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေရဲ့ အဲဒီတွေ့ဆုံမှုဟာ ဒီနေရာကိုရယူခဲ့သူတွေရဲ့ ထုံးစံအတိုင်း တပ်တွင်းစည်းရုံးရေးဖြစ်ပြီး တပ်ချုပ်သစ်အနေနဲ့ တပ်တွင်းအာဏာခိုင်မာအောင် စတင်တည်ဆောက်နေတာဖြစ်သလို အောက်ခြေစစ်သားတွေကိုလည်း အသုံးချဖို့သာ ဝါဒဖြန့်မှုလည်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်