ရန်ကုန်မြို့တွင် စစ်တပ်အသိုင်းအ၀ိုင်း၏ သတ်ဖြတ်မှုကြောင့် ဇနီးဖြစ်သူ သေဆုံးမှုအတွက် တရားခံ ဖမ်းမပေး၍ စစ်တပ်နှင့်ရဲကို လူမှုကွန်ရက်တွင် ဗီဒီယိုဖြန့်ဝေ ဝေဖန်သည့် ဒေါက်တာကောင်းစံကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး
ရန်ကုန်၊ မေ ၁၁



ရန်ကုန်မြို့တွင် စစ်တပ်အသိုင်းအ၀ိုင်း၏ လည်လှီးသတ်ဖြတ်မှုကြောင့် ဇနီးဖြစ်သူ သေဆုံးမှုအတွက် တရားခံ ဖမ်းမပေး၍ စစ်တပ်နှင့်ရဲကို လူမှုကွန်ရက်တွင် ဗီဒီယိုဖြန့်ဝေ ဝေဖန်သည့် ဒေါက်တာကောင်းစံကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ဒေါက်တာကောင်းစံ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂ ရက်နေ့ ဒေါက်တာကောင်းစံ၏ ဇနီးဖြစ်သူမှာ ရန်ကုန်မြို့တွင် စစ်တပ်အသိုင်းအ၀ိုင်းမှ သားသမီးတို့၏ အုပ်စုဖွဲ့ လည်လှီးသတ်ဖြတ်ခြင်း ခံခဲ့ရပြီး အဆိုပါ လူသတ်မှုကို ကျူးလွန်သူများမှာ လက်ရှိ တပ်တွင် ရာထူးရှိနေဆဲ အရာရှိကြီးများ၏ သားသမီးများဖြစ်နေခြင်းကြောင့် ရဲတပ်ဖွဲ့နှင့် စစ်တပ်က တရားခံကို သိရှိထားသော်လည်း ဖမ်းဆီးအရေးယူခြင်းမရှိဘဲ လစ်လျူရှုထားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ တရားဥပဒေမဲ့ လုပ်ရပ်များနှင့် ပတ်သက်၍ ဒေါက်တာကောင်းစံက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဇနီးဖြစ်သူကို သတ်ဖြတ်သော တရားခံများကို ဖမ်းဆီးမပေးမှုအတွက် ရဲနှင့် စစ်တပ်ကို ပြင်းပြင်း ထန်ထန် ဝေဖန်ပြောဆိုခဲ့ပြီးနောက် မေလ ၇ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ရဲများက ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက်ရှိ နေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
“ဒေါက်တာကောင်းစံက လိုင်းပေါ်မှာ ရဲနဲ့ စစ်တပ်ကို သူ့ရဲ့မိန်းမကို သတ်သွားတဲ့လူကို အခုထိ ဖမ်းဆီးချုပ်နှောင်ခြင်း မရှိသေးလို့ တော်တော်ဒေါသထွက်ပြီး ပြောဆိုနေတာပါ။ သတ်သွားတဲ့လူက စစ်တပ်က လူကြီးသားသမီးတွေ ဖြစ်နေတာကြောင့် ရဲတွေက မဖမ်းတာပါ။ အဲ့ဒါကို ဝေဖန်လို့ဆိုပြီး သူ့ကို လာဖမ်းသွားတာ ဖြစ်ပါတယ်။”ဟု ဒေါက်တာကောင်းစံ၏ မိတ်ဆွေဖြစ်သူက ပြောဆိုသည်။
ဒေါက်တာကောင်းစံသည် ၂၀၁၅ ခုနှစ်ကတည်းက စစ်တပ်မှ ထွက်ခဲ့သည့် စစ်ဆရာဝန်ဟောင်းတစ်ဦးဖြစ်ပြီး ဒလမြို့နယ်၊ အံကြီးအနောက်ရပ်ကွက်တွင် ‘ထူး’ အမည်ရှိ ဆေးခန်းဖွင့်လှစ်ကာ ဆေးကုသမှုများ ပေးနေသော ဆရာဝန်တစ်ဦးလည်းဖြစ်သည်။ ၎င်းသည် ယခင်က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင်လည်း ပါဝင်ခဲ့ဖူးသူ ဖြစ်သည်။
လက်ရှိတွင် ဒေါက်တာကောင်းစံကို ရန်ကုန်အင်စိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရပြီး၊ ၎င်းဖမ်းဆီးခံရပြီး နောက်တစ်နေ့တွင်ပင် စစ်တပ်နှင့် ရဲကို ဝေဖန်ပြောဆိုထားသည့် ၎င်း၏ လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုဖိုင်များနှင့် ပို့စ်များအားလုံးကို အကြမ်းဖက်စစ်တပ်က ၎င်း၏ အကောင့်မှတစ်ဆင့် ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။