အရှေ့တီမောနှင့် အင်ဒိုနီးရှားတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများဖြင့် အမှုဖွင့်ထားမှုများအပေါ် အမှုပိတ်သိမ်းနိုင်ရေး သံတမန်ရေးဖြင့် စစ်ကောင်စီက ကြိုးစားနေ
ရန်ကုန်၊ မေ ၃
အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အရှေ့တီမောနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများဖြင့် အမှုဖွင့်ထားမှုများအပေါ် အမှုပိတ်သိမ်းရေး သံတမန်ရေးဖြင့် စစ်ကောင်စီက စတင်ကြိုးစားနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလ ၁၀ ရက်နေ့ သူ့ကိုယ်သူ သမ္မတအဖြစ် တင်မြှောက်ပြီးနောက် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရန်၊ အာဆီယံနှင့် အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ် ဖော်ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် မင်းအောင်လှိုင်က နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း သန်းဆွေတို့ကို ခေါ်ယူတွေ့ဆုံကာ အရှေ့တီမောနှင့်အင်ဒိုနီးရှားနိုင်ငံတွင် ဖွင့်လှစ်ထားသော အမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာနိုင်ငံအစိုးရများနှင့် တွေ့ဆုံရှင်းပြရန်၊ ယင်းစွဲဆိုထားသောအမှုများမှာ နိုင်ငံရေးအရ သတင်းမှားများအပေါ် အခြေခံ တိုက်ခိုက်နေခြင်းဖြစ်သည်ကို ရှင်းလင်း ပြောဆိုကာ အမှုပိတ်သိမ်းရေးနှင့် အာဆီယံနိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပြန်လည် တည်ဆောက်ရန် ညွှန်ကြားခဲ့ ကြောင်း သိရှိရသည်။
“အခု လုပ်ဆောင်နေတဲ့ အမှုတွေဟာ တပ်မတော်ကို ဆန့်ကျင်သူတွေရဲ့ ထုတ်လွှင့်တဲ့ သတင်းအမှားတွေ အပေါ် အခြေခံပြီး နိုင်ငံရေးအရ တိုက်ခိုက်မှုဖြစ်တယ်။ ဒါတွေကို သက်ဆိုင်ရာ အရှေ့တီမောနဲ့ အင်ဒိုနီးရှားအစိုးရတွေကို ပြန်လည် ရှင်းပြပြီး ဒီအမှုတွေကို ပိတ်သိမ်းရေး ဆောင်ရွက်ဖို့။ လက်ရှိ အရှေ့တီမောနဲ့ ဖြစ်ပေါ်နေတဲ့ ဆက်ဆံရေး အဆင်မပြေမှုကို ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်ဖို့ ၊ အာဆီယံနိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပြန်လည် ထူထောင်ရေး ဆောင် ရွက်ဖို့ အဲဒါတွေကို လုပ်ဆောင်ဖို့ ညွှန်ကြားတယ်။ သံတမန်ရေးနဲ့ စတင်ဆောင်ရွက်မှုတွေလည်း ရှိနေပြီ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ယခုနှစ် ဧပြီလ ၆ ရက်နေ့ မင်းအောင်လှိုင်ကို ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် အရေးယူပေးရန် ရိုဟင်ဂျာ ၁ ဦး နှင့် အင်ဒိုနီးရှားနိုင်ငံမှ ထင်ရှားကျော်ကြားသူလူပုဂ္ဂိုလ် ၁၀ ဦးတို့က အင်ဒိုနီးရှားနိုင်ငံ၏ ရာဇဝတ်ကျင့်ထုံးဥပဒေသစ်အရ တရားဝင်ဖိုင်တွဲ တင်သွင်းတိုင်ကြားခဲ့သည်။ အဆိုပါအမှုကို အင်ဒိုနီးရှား ရှေ့နေ ချုပ်ရုံး၊ ကြီးလေးသော ရာဇဝတ်မှုများဆိုင်ရာ ဌာနခွဲသို့ လွှဲပြောင်းထားကြောင်း သိရှိရသည်။
အလားတူ ယခုနှစ် ဇန်နဝါရီလအတွင်း ချင်းလူ့အခွင့်အရေးအဖွဲ့-CHROကလည်း တီမောနိုင်ငံတွင် မင်းအောင် လှိုင်နှင့် စစ်တပ်ကို စစ်ရာဇဝတ်မှုများဖြင့် အမှုဖွင့်ထားပြီး ချင်းပြည်နယ်တွင် ကိုယ်ဝန်ရှိနေသည့် အမျိုးသမီးတစ်ဦးကို စစ်တပ်က အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ လူ ၁၀ ဦးကို သတ်ဖြတ်ခဲ့သည့် အမှုများ (သတင်း စာဆရာတစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ပါဝင်)၊ ဘာသာရေးခေါင်းဆောင်များကို ရည်ရွယ်၍ သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်များ၊ ဆေးရုံကို လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်ခဲ့သည့် အမှု၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ကာကွယ်ထားရမည့် အရပ်ဘက်အဆောက်အဦများနှင့် ဘုရားကျောင်းများကို တိုက်ခိုက်ခဲ့သည့် အမှုများ အပါအဝင် စစ်ရာဇဝတ်မှုများအတွက် ခိုင်လုံသည့် အထောက်အထားများဖြင့် တိုင်ကြား အမှုဖွင့်ခဲ့သည်။
အဆိုပါအမှုကြောင့် စစ်တပ်က ရန်ကုန်ရှိ တီမောသံရုံးကို ယခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင် မြန်မာနိုင်ငံမှ နှင်ထုတ်ခဲ့ပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ဆိုးဆိုးရွားရွား ဖြစ်ပေါ်လျက်ရှိသည်။