ဒေါ်အောင်ဆန်းစုကြည် ‘ကျန်းမာရေးကောင်းမွန်’ ပြီး နေပြည်တော်ရှိ ဝန်ကြီး ၁ ဦး၏ နေအိမ်တွင် ထိန်းသိမ်းထား

ဒေါ်အောင်ဆန်းစုကြည် ‘ကျန်းမာရေးကောင်းမွန်’ ပြီး နေပြည်တော်ရှိ ဝန်ကြီး ၁ ဦး၏ နေအိမ်တွင် ထိန်းသိမ်းထား
မောင်ခက်နွေ
မဇ္ဈိမ ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်း အချက်အချာကျသော နေရာရှိ ဝန်ကြီးတဦး၏ နေအိမ်တွင် စစ်အုပ်စုက ပြောင်းရွှေ့ထိန်းသိမ်းထားပြီး “ကျန်းမာရေးကောင်းမွန်” သည်ဟု မဇ္ဈိမ စုံစမ်းသိရသည်။
ဧပြီ ၂၅ ရက်နေ့တွင် နေပြည်တော်သို့ ရောက်လာသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အဆိုပါနေအိမ်၌ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံခဲ့ခြင်းဟု မဇ္ဈိမ၏ သတင်းရင်းမြစ်က ပြောသည်။
“အန်တီစုက ကျန်းမာတယ်တဲ့ ။ (အန်တီစု) နေအိမ်ကျယ်ချုပ် နေအိမ်က ဝန်ကြီးတပါးရဲ့နေအိမ်။ အဲ့အိမ်ကို ရွှေ့လိုက်ပြီ။ အဲ့အိမ်မှာထားတယ်တဲ့။ ဝမ်ယိက ဝမ်ယိမပြန်ခင်မှာ အန်တီစုနဲ့ တွေ့သွားတယ်တဲ့” ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်က ပြောသည်။
ထိုစဉ်တွင် ဝမ်ယိက ၂၀၂၆ သမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံသည့်သတင်းကိုသာ ထုတ်ပြန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့်သတင်းကို ထုတ်ပြန်ခဲ့ခြင်းမရှိပါ။ ယင်းမှာ နှစ်ဖက်စလုံး၏ သဘောတူညီမှုဖြင့် သတင်းကို အများသိအောင် မထုတ်ပြန်ခြင်းဖြစ်သည်ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ရှိနေသည့် ဝန်ကြီးနေအိမ်အား ထည့်သွင်းဖော်ပြခြင်းမပြုရန် သတင်းရင်းမြစ်က တောင်းဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ ကာလရှည် မိတ်ဟောင်းဆွေဟောင်းတဦးဖြစ်ပြီး ၎င်းနှင့် ပတ်သက်သည့် နောက်ဆုံးအခြေအနေများကို တရုတ်နိုင်ငံအနေဖြင့် အစဉ်တစိုက် စောင့်ကြည့်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ကြာသပတေးနေ့ (ဧပြီ ၃၀ ရက်) တွင် ပြောကြားခဲ့သည်။
ယင်းနောက် ဧပြီ ၃၀ ရက်ညတွင်ပင် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှ “သတ်မှတ်ထားသည့် နေအိမ်” ၌ ကျန်ရှိပြစ်ဒဏ်များ ဆက်လက်ကျခံရန် ပြောင်းလဲသတ်မှတ်ကြောင်း MRTV ည ၈ နာရီသတင်းမှ ထုတ်ပြန်ခဲ့ရာ ဒေါ်အောင်ဆန်းစု မည်သည့်နေရာတွင် ရှိနေကြောင်း လူထု၏ မေးခွန်းထုတ်မှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။
လက်ရှိတွင် ‘သတ်မှတ်နေအိမ်’ သို့ ပြောင်းရွှေ့ခံရသည့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ကုလသမဂ္ဂ၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က ထုတ်ပြန်ချက်များထုတ်ပြန်ပြီး တိုက်တွန်းထားသည်။
၂၀၂၆ သမ္မတ ဖြစ်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်များစွာဖြင့် စွပ်စွဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လူထုနှင့် လုံးဝအဆက်သွယ်ဖြတ်တောက်ထားခဲ့သည်။
စာတည်း။ ။ နောင်နောင်
ဓာတ်ပုံ – နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်း အချက်အချာကျသော နေရာရှိ ဝန်ကြီးတဦး၏ နေအိမ်တွင် စစ်အုပ်စုက ပြောင်းရွှေ့ထိန်း သိမ်းထားပြီး “ကျန်းမာရေးကောင်းမွန်” သည်ဟု မဇ္ဈိမ စုံစမ်းသိရသည်။ (AFP)