🟢သိန္နီမှာ မြန်မာငွေနဲ့ စျေးဝယ်တာ ဆိုင်ရှင်က လက်မခံတာကြောင့် ဝယ်သူနဲ့ ရောင်းသူကြား ပြဿနာဖြစ်၊ တရုတ်ယွမ်ငွေတွေ အသုံးပြုမှု ပိုများလာ

🟢သိန္နီမှာ မြန်မာငွေနဲ့ စျေးဝယ်တာ ဆိုင်ရှင်က လက်မခံတာကြောင့် ဝယ်သူနဲ့ ရောင်းသူကြား ပြဿနာဖြစ်၊ တရုတ်ယွမ်ငွေတွေ အသုံးပြုမှု ပိုများလာ

မေလ ၃ ရက်၊ သိန္နီ
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ မြန်မာငွေနဲ့ စျေးဝယ်သူကို ဆိုင်ရှင်က လက်မခံတာကြောင့် အငြင်းပွါးတဲ့ ဖြစ်စဉ် ဒီရက်ပိုင်းအတွင်းထဲမှာ ဖြစ်ပွါးခဲ့တယ်လို့ သိန္နီမြို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
သိန္နီမြို့မှာ ဖရဲသီးရောင်းတဲ့အရောင်းသမား တရုတ်လူမျိုးဖြစ်ပြီး တရုတ်ငွေကိုသာ လက်ခံတာကြောင့် စျေးဝယ်သူဟာ မြန်မာငွေနဲ့ ပေးချေတာကို လက်မခံတာကြောင့် အငြင်းပွါးမှု ဖြစ်တာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“စျေးရောင်းတဲ့သူနဲ့ စျေးဝယ်က ရန်ဖြစ်ကြတာ။ စျေးရောင်းတဲ့သူက သူ့ကုန်ပစ္စည်းတွေကို တရုတ်ငွေနဲ့ပဲ ယူတာပေါ့။ စျေးဝယ်ကမြန်မာငွေပေးတာကို လက်မခံချင်ဘူး။ တရုတ်ငွေနဲ့ပဲ ရတာပေါ့။ မြန်မာနိုင်ငံဖြစ်ပြီး မြန်မာငွေမယူဘူးဆိုတော့ ဘာသဘောလဲပေါ့။ အဲမှာ စကားစများကြတော့တာပဲ”
သိန္နီမှာ တရုတ်လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုလာပြီးနောက် မြန်မာကျပ်ငွေထက် တရုတ်ယွမ်ငွေကို သုံးစွဲမှုပိုများလာနေတယ်လို့ ဆိုပါတယ်။
“ဒီဘက်မှာက တရုတ်ငွေပဲ အသုံးများလာကြတာ။ မြန်မာငွေက လုံးဝသုံးမရတာ မဟုတ်ဘူး။ ဒါပေမဲ့ မြန်မာငွေနဲ့ တရုတ်ငွေကို နှိုင်းပြီးကြည့်တဲ့အခါမှာ လူတွေက တရုတ်ငွေပဲ သုံးနေကြတာပေါ့။ စျေးရောင်းတဲ့သူတွေကလည်း တရုတ်ငွေပဲ ပိုလိုချင်ကြတာပေါ့”လို့ နောက်ထပ် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်နဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ နယ်စပ်ဒေသတွေဖြစ်တဲ့ ကွမ်းလုံ – ဟိုပန်- ချင်းရွေဟော် – လောက်ကိုင်ဘက်မှာလည်း တရုတ်ယွမ်ငွေသုံးစွဲလာမှုအခြေအနေဟာ ပိုမိုသိသာလာနေတာလို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသတွေမှာရှိတဲ့ ဆိုင်ခန်းခအခွန်တွေလည်း တရုတ်ယွမ်နဲ့သာ ပိုမိုပေးဆောင်ကြရတာဖြစ်ပြီး စာသင်ကျောင်းတွေမှာည်း တရုတ်စာ သင်ကြားလာတဲ့ အခြေအနေအထိ ရှိလာတာ ဖြစ်ပါတယ်။
#ဓာတ်ပုံ – The Kokang