မင်းအောင်လှိုင် အပါအဝင် စစ်အာဏာသိမ်းမှုတွင် ပါဝင်သူ လူပုဂ္ဂိုလ် ၁၀၅ ဦး၊ အဖွဲ့ အစည်း ၂၂ ခုတို့အပေါ် ဥရောပသမဂ္ဂက ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးလိုက်ပြီး မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်ဟု EU က ကြေညာ

မင်းအောင်လှိုင် အပါအဝင် စစ်အာဏာသိမ်းမှုတွင် ပါဝင်သူ လူပုဂ္ဂိုလ် ၁၀၅ ဦး၊ အဖွဲ့ အစည်း ၂၂ ခုတို့အပေါ် ဥရောပသမဂ္ဂက ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးလိုက်ပြီး မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်ဟု EU က ကြေညာ
ရန်ကုန်၊ ဧပြီ ၂၈
မင်းအောင်လှိုင်၊ စစ်ဗိုလ်ချုပ်များ အပါအဝင် စစ်အာဏာသိမ်းမှုတွင် ပါဝင်သူ လူပုဂ္ဂိုလ် ၁၀၅ ဦး၊ အဖွဲ့ အစည်း ၂၂ ခုတို့အပေါ် ဥရောပသမဂ္ဂ-EUက ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးလိုက်ပြီး မြန်မာပြည်သူများနှင့်အတူ EU က ဆက်လက်ရပ်တည်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအပေါ် မူတည်၍ EU က ချမှတ်ထားသည့် ကန့်သတ်ပိတ်ဆို့အရေးယူမှုများကို နောက်ထပ် ၁၂ လ သက်တမ်းတိုးကာ ၂၀၂၇ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ဆက်လက်ကျင့်သုံးသွားရန် ဥရောပသမဂ္ဂကောင်စီက ယမန်နေ့တွင် ဆုံးဖြတ်လိုက်ခြင်းသည်။
အဆိုပါ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီစနစ်ကို ထိခိုက်စေသည့် လုပ်ရပ်များအပြင် ပြင်းထန်သော လူ့အခွင့် အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် စပ်လျဉ်း၍ နှစ်ပတ်လည် ပြန်လည်သုံးသပ်ချက်အပေါ် အခြေခံကာ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိထုတ်ပြန်ထားသည့် ပိတ်ဆို့အရေးယူမှုများအရ လူပုဂ္ဂိုလ် စုစုပေါင်း ၁၀၅ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုတို့သည် အကျုံးဝင်လျက်ရှိပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ထားခြင်း (Asset Freeze) နှင့် ၎င်းတို့ထံ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရန်ပုံငွေနှင့် စီးပွားရေးအရ အရင်းအမြစ်များ ထောက်ပံ့ပေးခြင်းကို တားမြစ်ထားသည်။ ထို့ပြင် စာရင်းတွင် ပါဝင်သော လူပုဂ္ဂိုလ်များအား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ခရီးသွားလာခွင့် ပိတ်ပင်ထားသည့် Travel Ban ကိုလည်း ဆက်လက်အတည်ပြုထားသည်။
အခြားသော ကန့်သတ်ချက်များအနေဖြင့် မြန်မာနိုင်ငံသို့ လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ တင်ပို့မှုကို ပိတ်ပင်ထားသည့် လက်နက်ခဲယမ်းပစ္စည်း တင်ပို့မှု ပိတ်ပင်ခြင်း (Arms Embargo) နှင့် ပြည်သူလူထုအား နှိပ် ကွပ်ရာတွင် အသုံးပြုနိုင်သည့် ဆက်သွယ်ရေးစောင့်ကြည့်စစ်ဆေးရေး ကိရိယာများ တင်ပို့မှုအပေါ် ကန့် သတ်ချက်များလည်း ဆက်လက်တည်ရှိနေသည်။
ထို့အတူ စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ အသုံးပြုနိုင်သည့် အရပ်ဘက်-စစ်ဘက် နှစ်မျိုးသုံးကုန်စည်များ တင်ပို့ခြင်းနှင့် မြန်မာ့တပ်မတော်သို့ စစ်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်ခြင်းများကိုလည်း လုံးဝတားမြစ်ထားသည်။
ဥရောပသမဂ္ဂသည် မြန်မာအစိုးရထံသို့ တိုက်ရိုက်ပေးအပ်သည့် ဘဏ္ဍာရေးအကူအညီများကို ရပ်ဆိုင်းထားသည့်အပြင် စစ်ကောင်စီအား အသိအမှတ်ပြုရာရောက်စေမည့် အကူအညီမှန်သမျှကိုလည်း ဆိုင်းငံ့ထားကြောင်း ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်၏ လုပ်ရပ်များအပေါ် ဥရောပသမဂ္ဂက ပြင်းထန်စွာ ရှုတ်ချထားပြီး၊ အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့် မတရားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန်လည်း ထပ်မံတောင်းဆိုထားသည်။
ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသူများကို နောက်ထပ် ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ရန် အသင့်ရှိကြောင်းနှင့် အဆိုပါ အရေးယူမှုများသည် မြန်မာပြည်သူလူထုအပေါ် ထိခိုက်မှုမရှိစေရန် ဂရုပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ဥရောပသမဂ္ဂအနေဖြင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တနေသည့် မြန်မာပြည်သူများနှင့်အတူ တစ်သားတည်း ရပ်တည်နေကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် အလေးပေးဖော်ပြထားသည်။
အဆိုပါ ပိတ်ဆို့အရေးယူမှုစာရင်းတွင် ပါဝင်သူများမှာ မင်းအောင်လှိုင် ၊ ယခင် စစ်ကောင်စီ အဖွဲ့ဝင်များ၊ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ တရားစီရင်ရေးကဏ္ဍမှ တာဝန်ရှိသူများ၊ စစ်တပ် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များမှ အဆင့်မြင့်အရာရှိကြီးများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ပါဝင်ပြီး အုပ်ချုပ်ရေးယန္တရားကို ထောက်ပံ့ပေးနေသည့် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်များ၊ ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံရေးသမားများနှင့် အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များအပြင် အွန်လိုင်းငွေလိမ်လည်မှု (Scam Operations) များတွင် တာဝန်ရှိသူများကိုလည်း ထည့်သွင်းထားသည်။
အရေးယူခံထားရသော အဖွဲ့အစည်းများအနေဖြင့် ယခင်စစ်ကောင်စီ၊ စစ်တပ်က ထိန်းချုပ်ထားသော ကုမ္ပဏီများ၊ စစ်တပ် လက်အောက်ခံ သို့မဟုတ် စစ်တပ်က ထိန်းချုပ်ထားသည့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကကုမ္ပဏီများအပြင် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများကိုလည်း ပိတ်ဆို့အရေးယူထားသည်။
ဥရောပသမဂ္ဂ၏ ကန့်သတ်ချက်များသည် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ရှိသည့် မြန်မာစစ် တပ်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကိုလည်း အဓိကပစ်မှတ်ထားပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေသည့် အရပ်သားများထံသို့ အကူအညီများရောက်ရှိရန် ဟန့်တားနှောင့်ယှက်သူများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းကို အဟန့်အတားဖြစ်စေသူများ ပါဝင်သည်။
လက်ရှိထုတ်ပြန်ထားသည့် ပိတ်ဆို့အရေးယူမှုများအရ အဆိုပါ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ထားခြင်း၊ ရန်ပုံငွေနှင့် စီးပွားရေးအရ ထောက်ပံ့ခြင်းကို တားမြစ်ခြင်းနှင့် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းတို့ကို ဆောင်ရွက်ထားသည်။
ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို နှစ်စဉ် ပြန်လည်သုံးသပ်လေ့ရှိပြီး ယခုနောက်ဆုံး သက်တမ်းတိုးမှုအရ ၂၀၂၇ ခုနှစ်၊ ဧပြီလကုန်အထိ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
ဥရောပသမဂ္ဂ၏ အင်္ဂလိပ်ဘာသာဖြင့် ကြေညာချက်အပြည့်အစုံကို https://www.consilium.europa.eu/…/myanmar-eu…/ တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။