မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်နိုင်ပြီဖြစ်ပြီး မဟာမိတ်များနှင့်အတူ စစ်ရေးအရှိန်မြှင့်မည်ဟု SAF စစ်ဦးစီးချုပ် ပြောကြား
ဧပြီ ၂၇၊ ၂၀၂၆



ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force – SAF) ဟာ တော်လှန်ရေး ၅ နှစ်တာကာလအတွင်း မြန်မာပြည်အလယ်ပိုင်းက ရန်သူရဲ့ အချက်အခြာကျတဲ့ နေရာတွေကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာကြောင့် ရှေ့ဆက်ပြီးလည်း မဟာမိတ်တွေနဲ့အတူ စစ်ရေးအရှိန်ကို ပိုမိုမြှင့်တင်သွားမယ်လို့ စစ်ဦးစီးချုပ် မင်းလတ်ဥက္ကာက ဧပြီ ၂၇ ရက်၊ ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။
ဧပြီ ၂၇ ရက် ကျရောက်တဲ့ ၅ နှစ်မြောက် ကျောင်းသားလက်ရုံးတပ်တော်နေ့ အထိမ်းအမှတ် မိန့်ခွန်းမှာ စစ်ဦးစီးချုပ်က လက်ရှိစစ်ရေးအခြေအနေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ထည့်သွင်းပြောကြားခဲ့တာပါ။
စစ်အုပ်စုဟာ စစ်ရေးအရ အင်အားချည့်နဲ့လာတာကြောင့် ပြည်သူလူထုကို အဓမ္မပေါ်တာဆွဲတာနဲ့ စစ်ထဲသွင်းတာတွေကို လုပ်ဆောင်နေရပြီဖြစ်ကြောင်း၊ နိုင်ငံတကာအခင်းအကျင်းအရ ရန်သူဟာ အကျိုးစီးပွားပေါ်အခြေခံတဲ့ အထောက်အပံ့တချို့ ရနေနိုင်ပေမဲ့ ဒါဟာ ယာယီသာဖြစ်ကြောင်း သုံးသပ်ထားပါတယ်။
“ဒီလိုအပြောင်းအလဲကာလမှာ မိမိတို့ဘက်က ရရှိလာမယ့် အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ အမြော်အမြင်ရှိဖို့လိုတယ်” လို့ စစ်ဦးစီးချုပ် မင်းလတ်ဥက္ကာက ဆိုပါတယ်။
SAF အနေနဲ့ နောင်မှာလည်း မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ခိုင်ခိုင်မာမာ လက်တွဲသွားမှာဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေး အရှိန်အဟုန်မြှင့်ကာ လွတ်မြောက်နယ်မြေတွေ ပိုမိုပေါ်ထွန်းလာအောင် ဖော်ဆောင်သွားမယ်လို့လည်း ကတိပြုထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးခရီးကြမ်းမှာ အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြတဲ့ အာဇာနည်ရဲဘော်တွေကို အလေးပြုကြောင်းနဲ့ လက်ရှိတိုက်ပွဲဝင်နေဆဲ ရဲဘော်တွေအနေနဲ့လည်း စိတ်မပျက်ဘဲ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ရှေ့ဆက်ကြဖို့ အလေးအနက်တိုက်တွန်းထားပါတယ်။
တော်လှန်ရေးဟာ စိတ်ကူးယဉ်ဆန်ရုံနဲ့မရဘဲ လက်တွေ့ကျတဲ့ မဟာဗျူဟာတွေ လိုအပ်တယ်လို့လည်း စစ်ဦးစီးချုပ်က သတိပေး ပြောကြားခဲ့ပါတယ်။
ကျောင်းသားလက်ရုံးတပ်တော် (SAF) ဟာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တည်ထောင်ထားတဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး၊ အခုလက်ရှိမှာ အခြားသော တော်လှန်ရေး အင်အားစုတွေ၊ မဟာမိတ်တွေနဲ့ ချိတ်ဆက်ကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Photo-SAF (ပုံဟောင်း)